31 C
Yangon

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ထိုးစစ်ဆင်နေ၊ မကွေးတွင် မြစ်ခြေရဲစခန်းကို PDF ဝင်တိုက်မှု ရဲ ၁ ဦးသေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များက ယနေ့ ဇန်န ဝါရီလ ၁၅ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထိုးစစ်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ကရင်ပြည်နယ်၊ ကော့ကရိတ်တွင်  ယမန်နေ့ညပိုင်းမှစတင်ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် မဆင်မခြင် ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းကျေးရွာရှိ စျေးဆိုင်တချို့ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။ 

“တိုက်ပွဲဖြစ်တယ်ဆိုတာထက် စစ်ခွေးတွေက မနေ့ညကတည်းက ကမိုင်းကုန်းဘက်ကို လက်နက် ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ အခုတော့ ရွာသစ်ရွာနဲ့ မြို့ဟောင်းရွာတွေအနားအထိ လက်နက်ကြီးတွေပစ်ပြီး စစ်တပ်က စစ်ထိုးနေတာ။ ရွာသားတွေတော့ ပြေးတဲ့သူလည်းပြေးကြပြီ။ တချို့လည်း အခြေအနေကြည့်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

ယင်းအပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ချောင်းဝရွာအနီး မြို့လှ PDF တပ်နှင့် သင်္ဘောလုံခြုံရေးနေရာယူ စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယနေ့နံနက် ၇ နာရီခန့်၌ သင်္ဘောလုံခြုံရေးယူရန် ချောင်းဝရွာမှ ထွက်ခွာလာသော စစ်ကောင်စီ တပ်ရင်း ၁၂၁ နှင့် ဗိုလ်ဇာမဏီဦးဆောင်သော မြို့လှ PDF တပ်ခွဲ ၂ နှင့် KIA ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချောင်းဝကျေးရွာထဲမှ ရွာဦးရေချမ်းစဉ်ဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်က ပြန်လည် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ပြန်ဝင်သွားကြောင်း ၊   လက်ရှိအချိန်တွင်စကစများသည် ကသာမြို့အထက်ပိုင်း ချောင်းဝ၊ မိုးတား၊ သံပုရာကုန်း၊ မဲဟင်း ကျေးရွာများသို့ရောက်ရှိနေပြီး ရွှေကူမှဆင်းလာသည့် စစ်သင်္ဘော ၂စီးအားကာကွယ်ရ န်မြစ်ကြောင်းကျေးရွာများသို့နေရာယူလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်က သတင်းဖော်ပြသည်။ 

ထို့ပြင် ကသာမြို့နယ်၊ မိုးတားရွာ တောင်ပေါ်ကျောင်း ၃ နေရာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များက  ကျောင်းဝန်းအတွင်းမှနေ၍ နှောတန်းရွာဘက်သို့ လက်နက်ကြီး ၁ လုံးရမ်းတမ်းပစ်ခတ်ခဲ့ကြောင်း၊ပေါလောကျွန်းတွင်တပ်ဖြန့်ထားသော စစ်တပ်ကလည်း လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့  နံနက် ၇ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ ပေါက်နက်ရွာအနီးတွင် မန္တလေး-ဗန်းမော် ကားလမ်းအတိုင်း မောင်းနှင်လာသော စစ်ယာဥ်တန်း ၄ စီးကို ထီချိုင့် PDF၊ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ-က-ဖ) တို့ ပူးပေါင်းပြီး စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ကားတစ်စီးပျက်စီးသွားကြောင်း၊ ယင်းနောက် ဆက်လက် မောင်းနှင်လာသော ကားများကို  တုံလုံရွာ အနီးတွင် နံနက် (၈)နာရီ ခန့်က ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDF ထံမှ သိရှိရသည်။ 

ထို့ပြင် ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့်ဒီးမော့ဆိုတို့တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကို ယမန်နေ့ ညနေပိုင်းမှ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ 

အလားတူ မကွေးတိုင်း၊ မြစ်ခြေမြို့မရဲစခန်းရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈ နာရီတွင် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရသွားကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း MC-KC PDF က ထုတ်ပြန်ထားသော သတိပေးချက်များကို အထူးအလေးထားပေးကြရန် မြစ်ခြေ-ကွန်းချောင်း PDF က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကော့ကရိတ်၊ ကမိုင်ကုန်းကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်၍ ပျက်စီးသွားသော ပြည်သူ့နေအိမ်တစ်လုံး။

Photo – KO ကော့ကရိတ်သတင်းစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article