29 C
Yangon

ခမရ ၃ ဘီးလင်းတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့် တရားမဝင် ဆက်ကြေးကောက် စီးပွားရေးသောင်းကျန်း၊ တပ်ငွေကြေးအလွဲသုံးစားလုပ်ပြီး ဖိနှိပ်ဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ဘီးလင်းတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့်တို့သည် လက်ရှိ စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ငွေကြေး ကောက်ခံ စီးပွားရေးသောင်းကျန်းလျက်ရှိပြီး တပ်တွင်းတွင်လည်း ဖိနှိပ်မှုများစွာ လုပ်ဆောင် နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ဘီးလင်းတပ်မှာ တပ်ရင်းမှူး ဒုမှူးကြီး မောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့် သည် တရားမဝင် ရွှေတူးသူများထံမှ ဆက်ကြေးကောက်ခံပြီး တပ်တွင်းဖိနှိပ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ တပ်ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်မှုများရှိနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

“ဆုမွန်သန့် ရဲ့ ယောကျာ်း ဗိုလ်မှူး မောင်မောင်ဇေ ယာယီတပ်ရင်းမှူးအဖြစ် တပ်ကို ရောက်ကတည်းက ဆုမွန်သန့်ဟာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် ရဲ့ ​မြေးဝမ်းကွဲ ဆိုပြီးတော့ ကြွေးကြော်လာတယ်။ တပ်ရင်းကိုရောက်တည်းက လတိုင်း တပ်ရင်းရံပုံငွေလချုပ်ကို ခင်ပွန်းဖြစ်သူ ရှေ့တန်းကနေ ငါ့မိန်းမကို လတိုင်းရှင်းပြ အမိန့်လှမ်းပေးတာကြောင့် တပ်ရေးဗိုလ်ကြီးက ဘာတွေဘယ်လိုသုံးပြီး ဘာတွေ ဘယ်လိုရပါတယ်ဆိုတာ ရှင်းရတယ်။

မွေးမြူစိုက်ပျိုးမတည်အမြတ်တွေကိုလည်း စိုက်မွေးအရာရှိက တစ်ဆင့် ဆုမွန်သန့် က အိတ်ထဲ ကောက်ထည့်လိုက်ပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။ တပ်ရင်းမှူး မိန်းမ မဖြစ်ခင်က ဆုမွန်သန့်သည့် မူးယစ်ဆေးဝါး ရောင်းသူအဖြစ် မြောက်ဒဂုံတွင် နာမည်ကျော်ဇော်ခဲ့ကြောင်း၊ ယခု တပ်ရင်းကို ရောက်ရှိချိန်တွင် ဆက်ကြေးကောက်ခံမှုများကို ၎င်းကိုယ်တိုင် ဦးဆောင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိသည်။

“သူက မြောက်ဒဂုံမှာနေတုန်းက မူးယစ်ဆေးဝါးရောင်းဝယ်သူဆိုပြီး နာမည်ကျော်ဇောခဲ့တာ။ တပ်ရင်း က ဘီးလင်း ဖာပွန် မဟာဗျူဟာလမ်းဟောင်းကြီးဘေးမှာ တည်ရှိပြီး ကရင်ပြည်နယ်ရဲ့ အဓိက ရွှေထွက်တဲ့ မဲဝိုင် နန့်သူခီး နန့်သူထ ရွာတွေတက်တဲ့ ကားလမ်းမကြီးဘေးမှာပါ။ အဲဒီတော့ ဂိတ်ဖွင့်ပြီး ပိုက်ဆံကောက်ပါတယ် နိုင်ငံတော်ကို လုပ်ငန်းလိုင်စင်လျောက်ထား တူးဖော်ခြင်းမဟုတ်ဘူး။

နယ်မြေခံတပ်တွေနဲ့ တရားမဝင်တရုတ်တွေ၊ လုပ်ငန်းရှင်းတွေ ပေါင်းတူးတာ ဆယ်စုနှစ် တစ်ခုစာ ရှိပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ ခမရ ၃ တပ်ရင်းမှူးနှင့် မိန်းမက ဆက်ကြေးကောက်ခံရာတွင် ဆီဘောက်ဆာ တစ်စီးလျှင် ငွေကျပ် ၁ သိန်း ၅သောင်း၊ ဆီပေပါတင်ကားဆိုလျှင် တစ်စီး ၈ သောင်း ကျပ်၊ ယန္တရား တင်သည့်ကားများ ဆိုလျှင် တစ်စီးလျှင် ၁ သိန်းနှင့် ၂ သိန်း‌ကြား ကောက်ခံ‌ကြောင်း၊ တပ်က ကောက်ခံလျက်ရှိသော ဂိတ်တွင် တစ်ညလျှင် နေ့စဉ် သိန်း ၂၀ နှင့် သိန်း ၄၀ အကြား ဝင်ငွေရှိကြောင်း သိရှိရသည်။

“ဆုမွန်သန့် က ရွှေတွင်းတရားမဝင်ဂိတ်ကို သူကိုယ်တိုင်တပ်ရင်းအမှတ် ၂ ဂိတ်မှာ စောင့်တောင်းသလို သူ့လက်သပ်မွေးတပည့်တွေကိုစောင့်တောင်းခိုင်းတာရှိပါတယ်။ တပ်ကိုရောက်တည်းက သူ့လူတွေ မွေးပြီး တပ်ရဲ့ဝင်ငွေစီးဆင်းမှုတွေကို ဂဏန်းတွင်း လိုက်နှိုက်ပြီး တပ်တွင်းသွေးကွဲမှုတွေဖြစ်အောင် သွေးခွဲအုပ်ချုပ်တတ်တာပါ။

တရားမဝင်ငွေကြေးတွေကို ရှာဖွေတာ ကြမ်းလွန်းတယ်။ ”အမှုဖြစ်ပြီး တပ်ကထွက်ရရင်တောင် အပြင်မှာနေစရာ စားစရာရှိတယ် ‘ ကြိုက်တဲ့လူကို တိုင် ” ဆိုပြီး တပ်ထဲက လူတွေကို စိန်ခေါ်တာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။တပ်တွင်းတွင် တပ်ရင်းမှူး သဘောမကျသူများနှင့် အဆင်မပြေသူများကို တပ်တွင် မနေနိုင်ရန်နှင့် တပ်ပြောင်းရွှေ့အောင် လုပ်ဆောင်ကြောင်း၊ အိမ် ထောင်သည် အမျိုးသမီးများသည် ၎င်း၏ ဒဏ် မခံနိုင်၍ တပ်ထဲမှ ထွက်ပြေးရသည်ဟု သိရှိရသည်။

“သူ့လူတွေမွေးထားတော့ သူ့လူတွေနဲ့မတည့်သူ သူနဲ့မတည့်သူတွေဟာ တပ်ထဲကမနေနိုင် စစ်ပြေး ဖြစ်ကုန်တဲ့သူတွေတောင်ရှိပါတယ်။ တစ်ချို့ရဲဘော် မိန်းမတွေ ဆိုရင် သူ့ရဲ့အနိုင်ကျင့်မှုတွေဒဏ်မခံနိုင်လို့ ယောကျာ်းတွေ ရှေ့တန်းပြန်လာတာတောင် မစောင့်နိုင်ဘဲ ထွက်ပြေးရတဲ့သူတွေရှိပါတယ်။တရား မဝင်ဂိတ်ကောက် ဆက်ကြေးတောင်းခိုင်းတဲ့ သူ့ကြောင့် အသက်ပေးလိုက်ရတဲ့ တပ်ကြပ် တစ်ဦးတောင်ရှိပါတယ်။တာဝန်ရှိတဲ့သူကို အရေးယူဆိုပြီး အထက်အမိန့်က စာရွက်ပေါ်မှာ ပြီးသွားတယ်။

အထက်က ဂိတ်မကောက်ရဘူး အမိန့်ထုတ်လိုက်တော့ ဂိတ်ကိုဖွင့်မကောက်တော့ဘဲ ဘီးလင်း ကနေ မဲဝိုင်သွားတဲ့ လမ်းဘေးက နတ်ကြီးရွာမှာ အခုအထိ စောင့်တောင်း မြို့ပေါ်မှာ စောင့်တောင်းတာမျိုးကို ဆုမွန်သန့် ကိုယ်တိုင်လုပ်ပါတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် တပ်ရင်းမှူး မောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့်တို့သည် ကျိကျိ တက်ချမ်းသာလာကြောင်း၊ တပ်လုံခြုံရေးဟုဆိုကာ ဆုမွန်သန့်ကိုယ်တိုင်က ဝင်ရောက်စစ်ဆေးကြောင်း ၊ လူမွေးခြင်း၊ အုပ်စုဖွဲ့ခြင်းများဖြင့် တပ်တွင်း ဖိနှိပ်နေပြီး တိုင်ကြားသူများကို ဖရဲသီးဟု အမှုတပ် သတ်ပစ်မည်ဟု အမြဲတစေ ခြိမ်းခြောက်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article