34 C
Yangon

စစ်တပ်ဦးပိုင်ကုမ္ပဏီ၏ အကျိုးစီးပွား ကာကွယ်ရေး မင်းအောင်လှိုင် အာဏာ သိမ်းမှုတွင် အဓိက အကြောင်းအရာ အဖြစ် ပါဝင်၊ ၂၀၁၉ ခုနှစ်ကတည်းက အာဏာ သိမ်းရန် ကြံစည်ခဲ့ (အပိုင်း -၁)

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေက ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထဲကနေ နိုင်ငံ တော် အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကို ခေါင်းစဉ်တပ်ပြီး အာဏာသိမ်းယူမှုနောက်ကွယ်မှာ မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူး အငြိမ်းစားမယူချင်တာ၊ သမ္မတအဖြစ် လုပ်ချင်တာ၊ သူမျှော် လင့်ခဲ့တဲ့ ကြံ့ဖွတ်ပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ အပြတ် အသတ်ရှုံးနိမ့်ခဲ့တာ စတဲ့ အကြောင်းအရာတွေ ပါဝင်နေတယ်ဆိုတာ အားလုံးသိကြပြီဖြစ်ပါတယ်။

ဒီအထဲမှာ ထင်သာမြင်သာရှိတဲ့ အာဏာသိမ်းမှု အကြောင်းအရာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်ပိုင် အကျိုးစီးပွားကိုပါ ကာကွယ်ဖို့ ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက် အပါအဝင်ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအရ စစ်တပ်က စီးပွားရေး အခွင့်အလမ်းနည်းပါးလာပြီး လက်လွှတ်လိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ လည်း မနည်းလှပါဘူး။ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရ တက်လာချိန်မှာတော့ စစ်တပ်စီးပွားရေးတွေ မလူးသာ မလွန့်သာ အခြေအနေ ဖြစ်လာရပါတယ်။

NLD အစိုးရပယ်ချခဲ့တဲ့ Ever လျှပ်စစ်မီတာတင်ဒါ ရှုံးနိမ့်မှု ဗိုလ်ချုပ်ကြီးများ ဒေါပွ၊ အာဏာသိမ်းဖို့အထိ တင်ပြခဲ့ကြ

===========================================

NLD အစိုးရလက်ထက်မှာ ဦးပိုင်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အကြီးအကျယ်ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင်တော့ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီက ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေက NLD အစိုးရက ခေါ်ယူလိုက်တဲ့ လျှပ်စစ်ဝန်ကြီးဌာန တင်ဒါတွေမှာ နှစ်စဉ် အကြီးအကျယ်ရှုံးနိမ့်ခဲ့ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပြည်တွင်းမှာ ထုတ်လုပ်တဲ့ Ever အမှတ်တံဆိပ် ဒီဂျစ်တယ်မီတာတွေဟာ လျှပ်စစ်ဝန်ကြီးဌာနက ခေါ်ယူတဲ့ တင်ဒါတွေမှာ ၂၀၁၆ ခုနှစ်ကစလို့ အကြိမ်ကြိမ်ရှုံးနိမ့်နေတာ ၊ တင်ဒါ ပယ်ဖျက်ခံရတာတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော် မင်းမူခဲ့တဲ့ ဦးပိုင်ထုတ် မီတာတွေ အဆုံးသတ်ပြီး စက်ရုံပါ ပိတ်လိုက်ရပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ၂၀၀၃ ခုနှစ်ကစလို့ ဆင်တဲမီတာစက်ရုံ၊တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ မီတာစက်ရုံတွေမှာ က.စ.လ တံဆိပ် Analog မီတာတွေ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၃ လောက်စလို့ စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ အဲဒီ က.စ.လ အမှတ်တံဆိပ် လျှပ်စစ်မီတာတွေကိုပဲ အသုံးပြုခဲ့ကြရပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ Ever အမှတ်တံဆိပ်နဲ့ ဒီဂျစ်တယ်မီတာတွေကို စတင်ထုတ်လုပ်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ Ever တံဆိပ် ဒီဂျစ်တယ် လျှပ်စစ်မီတာတွေ ဟာ ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်း ဝန်ကြီးဌာနက ဝယ်ယူသုံးစွဲခဲ့ရတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

NLD အစိုးရအာဏာရလာပြီးတဲ့နောက် ၂၀၁၆ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ထံမှ အိမ်သုံးမီတာအလုံးရေ နှစ်သိန်းနဲ့ စက်မှုသုံးမီတာ (၆၀၅၀၀) လုံးကို တိုက်ရိုက်စာချုပ်ချုပ်ဆိုဝယ်ယူရန်နှင့် ဆက်စပ်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါဖြင့်ဝယ်ယူရန် ဝန်ကြီးဌာနအမှုဆောင်အစည်းအဝေးသို့ တင်ပြလာပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးဌာနရဲ့ အမှုဆောင်အစည်းအဝေးက အိတ်ဖွင့် တင်ဒါ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာမို့ တင်ဒါခေါ်ယူခဲ့ပါတယ်။

အဲဒီအခါမှာ မြန်မာ့စီးပွားရေးဦးပိုင်က Same Sky Trading ဆိုတဲ့ နာမည်နဲ့ ဝင်ရောက် တင်ဒါပြိုင်ခဲ့ပြီး ဦးပိုင် တစ်ဖြစ်လည်း Same Sky Trading နဲ့ ပုဂ္ဂလိက Alpha Power Engineering ကုမ္ပဏီ ၂ ခုပဲ တင်ဒါ ပြိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မီတာကို ဖတ်နိုင်တဲ့ အဝေး လက်ကိုင်စက်တွေက Ever မီတာ ထုတ်လုပ်တဲ့ ဦးပိုင်က ပစ္စည်းတွေ စက်တွေဖြစ်တာမို့ အဲဒီစက်တွေနဲ့ ကိုက်ညီတဲ့ ဦးပိုင်ကုမ္ပဏီပဲ တင်ဒါ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို တင်ဒါ အနိုင်ရရှိမှုကို ပြန်လည် သုံးသပ်တဲ့အခါမှာ သတ်မှတ်ချက် Specification တွေ ရှိနေတာမို့ တရားမျှတမှုမရှိနိုင်တဲ့အတွက် ဦးပိုင်လက်အောက်မှာရှိတဲ့ Same Sky တင်ဒါကို ဝန်ကြီးဌာနာက ပယ်ဖျက်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်အတွင်းမှာ ပါဝါမီတာ အလုံး ၃၀၀ တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ဒီတစ်ခါတော့ ဦးပိုင်ရဲ့ Same Sky ၊ Alpha Power နဲ့ Titan Source ကုမ္ပဏီ ၃ ခု တင်ဒါ ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီ ၃ ခုလုံးက အရည်အသွေးမီတဲ့ မီတာ မတင်ပြနိုင်တဲ့အတွက် ၂၀၁၇ ဒုတိယအကြိမ် တင်ဒါလည်း ဝန်ကြီးဌာနက တင်ဒါကို ထပ်မံ ပယ်ဖျက်ခဲ့ပြန်ပါတယ်။၂၀၁၇ ခုနှစ်အတွင်းမှာ တတိယအကြိမ် မီတာတင်ဒါခေါ်ယူခဲ့ပြီး ယှဉ်ပြိုင်သူ ၆ ဦး အထိရှိလာပါတယ်။ အဲဒီမှာ နည်းပညာစိစစ်လိုက်တဲ့အခါ ၂ ဦးကပဲ နည်းပညာအောင်မြင်ပါတယ်။ အဲဒါကတော့ ဦးပိုင်ရဲ့ Same Sky နဲ့ Alpha power တို့ပဲဖြစ်ပါတယ်။

နည်းပညာအောင်မြင်ပြီး ကုမ္ပဏီ ၂ ခုဆီ မီတာဈေးနှုန်း အဆိုပြုမှုတွေ တောင်းခံတဲ့အခါမှာ Alpha power ရဲ့ဈေးနှုန်းစုစုပေါင်းဟာ ၈ ဒသမ ၁ ဘီလီယံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ရဲ့ဈေးနှုန်းဟာ ၁၃ ဒသမ ၄ ဘီလီယံခန့်ဖြစ်ပါတယ်။

ထိုအခါမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ အမည်နဲ့ဝင်ပြိုင်တဲ့ Same sky Ever မီတာဟာ ယှဉ်ပြိုင်သော ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ကျပ် ၅၃၄၃ သန်းပိုများနေတဲ့အခါမှာ တင်ဒါရှုံးတယ်ဆိုတာကို သဘောပေါက်သွားပြီးတော့ ပြည်ထောင်စုဝန်ကြီးထံကိုတော့ Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ထိုတင်ဒါကိုပြန်လည်စီစစ်ပေးပါရန် ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။အဆိုပါကန့်ကွက်စာပေးပို့တဲ့အပေါ်မှာ Alpha power ကုမ္ပဏီ ကလည်း ပြည်ထောင်စုဝန်ကြီးထံကို ယှဉ်ပြိုင်မှုရလဒ်အတိုင်း အတည်ပြုပေးပါရန်ဆိုပြီး ပေးပို့ခဲ့ပါတယ်။

(၇)လပိုင်းမှာကျတော့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က ၎င်းတို့ရဲ့မီတာများကိုဦးစားပေးရွေးချယ်ပေးပါဆိုပြီး ထပ်မံအကြောင်းကြားလာပါတယ်။ ၂၀၁၈ ဇန်နဝါရီလ ဝန်ကြီးဌာနရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးမှာ မိမိတင်ဒါအောင်မြင်မှုအတွက် အစိုးရအရာရှိများထံမှာ၎င်း သြဇာရှိသောပုဂ္ဂိုလ်များထံမှ၎င်း အကူအညီရယူရန်ကြိုးစားလျှင် တင်ဒါအားပယ်ဖျက်သွားမည်ဟုပါရှိပြီး တင်ဒါဈေးနှုန်းဖွင့်ဖောက်ပြီးနောက် ကုမ္ပဏီအသီးသီးက ပြည်ထောင်စုဝန်ကြီးထံ ၎င်းတို့ရဲ့ တင်ဒါအားရွေးချယ်ရန်အကြိမ်ကြိမ်တင်ပြခဲ့ကြမှုအတွက် သမ္မတရုံးရဲ့တင်ဒါနဲ့ပတ်သက်တဲ့ညွှန်ကြားချက်အရ ပယ်ဖျက်ခဲ့ပြန်ပါတယ်။

လျှပ်စစစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မီတာ အလုံးရေ ၃ သိန်း ၆ သောင်းကျော်အတွက် တင်ဒါခေါ်ယူခဲ့ပြန်ပါတယ်။ ကျေးလက်သုံးမီတာ ၁ သိန်း၊ မြို့ငယ်သုံး မီတာ ၁ သိန်းခွဲ ၊ မြို့ကြီးသုံး မီတာ အလုံးရေ ၁ သိန်း ၊ လုပ်ငန်းသုံး မီတာ အလုံးရေ ၁ သောင်း ၊ လုပ်ငန်းသုံး ဒုမီတာ အလုံးရေ ၃၇၀၀ စုစုပေါင်း ၃ သိန်းခြောက်သောင်း သုံးထောင်ခုနစ်ရာအတွက် တင်ဒါ ခေါ်ယူခဲ့တာပါ။ ဒီတစ်ခါတော့ ကုမ္ပဏီ ၉ ခုက အပြိုင်အဆိုင် တင်ဒါ ဝင်ပြိုင်ခဲ့ကြပါတယ်။စီးပွားရေးဦးပိုင်က နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီမှာ တင်ဒါ ရခဲ့ပေမယ့် ဈေးနှုန်းကြီးမြင့်လို့ အဲဒီ တင်ဒါကို သူမရလိုက်ပါဘူး။ ကျေးလက်သုံး မီတာ အလုံးရေ ၁ သိန်းအတွက် Junction River က တင်ဒါ အောင်မြင်ခဲ့ပြီး မြို့နယ် သုံး မီတာ ၁ သိန်းခွဲအတွက် Titan Source ၊ မြို့ကြီးသုံး မီတာ ၁ သိန်း အတွက် Titan Source ၊ လုပ်ငန်းသုံးမီတာတင်ဒါအတွက် Alpha Power က တင်ဒါ အောင်မြင်ခဲ့တာပါ။

လျှစ်စစ်ဝန်ကြီးဌာနကတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ ဈေးနှုန်းသက်သာမှုကြောင့် ပြည်သူ့ငွေ ၃၁၂၁ ဒသမ ၅ ကျပ်သန်း သက်သာ သွားတယ်လို့ ဆိုပါတယ်။လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျေးလက်မီတာ ၂ သိန်းခွဲ ၊ မြို့ငယ် မီတာအလုံးရေ ၁ သိန်း၊ မြို့ကြီးမီတာ အလုံးရေ ၂ သိန်း ၇ သောင်းအတွက် တင်ဒါ ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဒီတင်ဒါမှာ ကုမ္ပဏီ ၁၃ ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီ ၉ ခုရှိခဲ့ရာမှာ ဦးပိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်း အဆိုပြု တင်ပြခိုင်းတဲ့အခါမှာ ဦးပိုင်ရဲ့ Ever မီတာတွေဟာ ဈေးကြီးလွန်းတဲ့အတွက် တင်ဒါ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ Junction Over က ကျေးလက်မီတာ တင်ဒါ အားလုံး ရရှိပြီး Supreme Trading က မြို့ငယ်နဲ့ မြို့ကြီး မီတာ အားလုံးကို တင်ဒါ ရရှိသွားခဲ့ပါတယ်။ ဦးပိုင်ကုမ္ပဏီက တင်ဒါ ရှုံးနိမ့်မှုတွေ ပယ်ဖျက်ခံရ မှုတွေနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ သက်ဆိုင်ရာNLD အစိုးရအကြီးအကဲတွေကို တိုင်စာတွေပို့ခဲ့ပါတယ်။ ဒီတိုင်ကြားမှုတွေရဲ့ နောက်ဆက်တွဲ ဝန်ကြီးနဲ့ ဒုဝန်ကြီး စစ်ဆေးခံရတဲ့ သတင်းတွေလည်း အတိအကျ ထွက်ပေါ်ခဲ့ပါတယ်။

လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်ဒါတွေကို တစ်ဦးတည်းကို ပေးခဲ့တာမဟုတ်ဘဲ စည်းကမ်းစည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။နောက်ဆုံးမှာတော့ NLD အစိုးရဘက်က ဦးပိုင်ကုမ္ပဏီရဲ့ တိုင်စာကို ပယ်ချခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မင်းမူခဲ့တဲ့ က.စ.လ တံဆိပ် မီတာတွေနဲ့ Ever ဒီဂျစ်တယ် မီတာတွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ဗိုလ်ချုပ်ကြီးတွေ အလွန်ဒေါပွခဲ့ပြီး Ever လျှပ်စစ်မီတာလို သူတို့ အကျိုး စီးပွားတွေ ပျက်စီးကုန်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ရှိခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် မင်းအောင်လှိုင်ပါဝင်တက်ရောက်တဲ့ ဦးပိုင်ကုမ္ပဏီ ဗိုလ်ချုပ်ကြီးတွေရဲ့ အစည်းအဝေးတစ်ခုမှာ စစ်တပ်အကျိုးစီးပွားကို ကာကွယ်ချင်ရင် အာ ဏာသိမ်းမှ ဖြစ်မယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တချို့ရဲ့တင်ပြချက်တွေကို မင်းအောင်လှိုင်ကို နားထောင်ပြီး ကျေနပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ကြားလာသော အချက်အလက်များ ===============================

လက်ရှိ ဦးပိုင်ကုမ္ပဏီမှာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ အစုရှယ်ယာတွေနဲ့ ထည့်ဝင်ငွေ အလွန်းများပြားလှပါတယ်။ တပ်ရင်းတပ်ဖွဲ့ အစုအဖွဲ့ ၅၀ က ရှယ်ယာအစုပေါင်း ၁၀ သန်းနီးပါး ( အတိအကျ အစုရှယ်ယာ ၉,၇၂၆,၄၁၈ စု) ၊ ငွေကြေးအားဖြင့် သန်းပေါင်း ၉၇၂၆ သန်း ပါဝင်နေတယ်လို့ ၂၀၂၁ခုနှစ် ဦးပိုင်ကုမ္ပဏီစာရင်းဇယားတွေအရ သိရှိရပါတယ်။

စစ်မှုထမ်းဟောင်း အစုရှယ်ယာရှင်(လူပုဂ္ဂိုလ်) ၃၉၇၂၅၉ ဦးရဲ့ ထည့်ဝင်မှု ငွေကျပ်သန်း ၂၂၅၇၂၉ သိန်း ( ၂၂၅၇၂၉၆၄၈၀၀၀ ကျပ်) ပါဝင်ပါတယ်။စစ်မှုထမ်းဟောင်း(အဖွဲ့အစည်း) အစုရှင် ၁၇၆၃ ဦးရဲ့ ရှယ်ယာ ၈၁၆၃၈၇၈၈ စု တန်ဖိုးအားဖြင့် ကျပ်သန်း ၈၁၆၃၈ သောင်း( ၈၁၆၃၈၇၈၈၀၀၀ ကျပ်) ပါဝင်ပါတယ်။

ဦးပိုင်မှာ စစ်တပ်အသိုင်းအ၀ိုင်းက စုစုပေါင်း အစုရှင် ၃၉၉၀၇၂ ဦး ရှိပြီး တန်ဖိုးငွေ ၃၁၇၀၉၄၈၅၄၀၀၀ ကျပ် ပါဝင်နေကြတာဖြစ်ပါတယ် ။ (လာမယ့်အပတ်တွေမှာ ဦးပိုင်ကုမ္ပဏီအကြောင်း အတွင်းရေးတွေနဲ့ ဘယ်လိုစီမံခန့်ခွဲလုပ်ကိုင်နေလဲဆိုတာကို တင်ပြမှာဖြစ်ပါတယ်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article