31 C
Yangon

ဆုပ်လည်းစူး စားလည်းရူးတော့မည့် စစ်ကောင်စီ

Must read

By လမ်းသစ်

တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမူကို အာသာငန်းငန်း လိုချင်နေသည့် စစ်ကောင်စီက ICJ တွင် တရားရင်ဆိုင်မည်ဟု လေသံပစ်နေခြင်းမှာ အထူးအဆန်းဟုမဆိုနိုင်။

ကမ္ဘာ.အဆင့်အမြင့်ဆုံးတရားရုံးတွင် တရားဝင်အစိုးရအဖြစ် အမူရင်ဆိုင်လိုနေသော စစ်အာဏာရှင်တို့မှာ ငါးစာသာမြင်၍ ငါးမျှားချိတ်ကိုမမြင်နိုင် ဟုလည်း သုံးသပ်နေကြသည်။ လက်ရှိအခြေအနေမှာ စစ်ကောင်စီအဖို့ ဆုပ်လည်းစူး စားလည်းရူးအနေအထား ဖြစ်နေပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မူဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုထားသည့် အမူကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ကြားနာတော့မည်ဖြစ်သည်။ Covid အခြေအနေအရ တရားခွင်ကို လူပုဂ္ဂိုလ်တက်ရောက်ခြင်းအပြင် အွန်လိုင်းမှလည်း ပါဝင်တက်ရောက်မည်ဟု ICJ က ထုတ်ပြန်ထားသည်။

၂၀၁၉ တရားခွင်ကိုမူ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက်ခဲ့ပြီး စစ်တပ်ကျူးလွန်မှုများကို အကာကွယ်ပေးသည့် အနေအထားများကြောင့် ဝေဖန်မူများဂယက်ထခဲ့ကာ နိုင်ငံတကာဆုတံဆိပ်များ ရုပ်သိမ်းခံရသည်အထိ ဖြစ်ခဲ့သည်။ စစ်ကောင်စီကမူ အာဏာသိမ်းယူပြီးနောက်တွင် ကိုယ်စားလှယ်အဖွဲ့ ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်ကို ဦးဆောင်စေခဲ့သည်။

လာမည့် ICJ ကြားနာမူကို ရင်ဆိုင်မည်ဟု စစ်ကောင်စီကဆိုသော်လည်း ဝဏ္ဏမောင်လွင်မှာ လူကိုယ်တိုင် တက်ရောက်ဝံ့မည်မဟုတ်ဘဲ အွန်လိုင်းကသာ ရင်ဆိုင်မည့်အခြေအနေဟု သတင်းများက ဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖက်ကလည်း ICJ တွင် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်၍ ရင်ဆိုင်မည်ဟု ပြောကြားထားသည်။

စစ်ကောင်စီကို ကိုယ်စားပြုမူ ပေးလိုက်ပါက ကုလဆုံးဖြတ်သဘောတူညီချက်များနှင့် ဆန်.ကျင်ဖက်ဖြစ်ကာ နောက်ဆက်တွဲများကို မေးခွန်းထုတ်စရာဖြစ်မည်ကို ICJ ထံအကြောင်းကြားထားသည်ဟုလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မီဒီယာများအား ပြောကြားထားသည်။ လက်ရှိအချိန်အထိတော့ NUG နှင့် စစ်ကောင်စီ ICJ တွင် မည်သူကိုယ်စားပြုခွင့်ရမည်မှာ အဖြေမပေါ်သေး။

လေ့လာသူများအပါအဝင် နိုင်ငံရေးအကဲခတ်များကတော့ စစ်ကောင်စီမှာ ဆုပ်လည်းစူး စားလည်းရူး အနေအထားဟု သုံးသပ်သည်။ ICJတွင် ကိုယ်စားပြုခွင့် ငြင်းပယ်ခံရပါက တရားမဝင်သော အာဏာရှင်အစိုးရ၊ အကြမ်းဖက်စစ် အစိုးရဆိုသည်မှာ ပိုမိုထင်ရှားသွားမည်ဖြစ်သည်။ လက်ရှိအချိန်အထိလည်း စစ်ကောင်စီမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုမူကို မရရှိ။

ပြီးခဲ့သည့်  ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည် ကုလအထွေထွေညီလာခံတွင်လည်း မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ် အစားထိုးရန်တင်ပြမူကို ကန့်ကွက်ခဲ့ကြပြီး အာဖဂန်နစ္စတန်မှ အကြမ်းဖက်တာလီဘန်တို့နှင့် တန်းတူခိုင်းနှိုင်းခဲ့ကြသည်။ ထိုကြောင့်ပင် အာဏာသိမ်းစစ်ကောင်စီမှာ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမူကို ငမ်းငမ်းတက် လိုအပ်နေခြင်းဖြစ်သည်။

လတ်တလောသတင်းများအရလည်း စစ်ကောင်စီမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး တရားရုံးတွင် ကိုယ်စားပြုခွင့်ရရှိရန် အခြေအနေ နည်းပါးနေသည်။ ကိုယ်စားပြုခွင့် ရရှိပါကလည်း ငါးမျှားချိတ် ထိုးဟတ်မည့် အနေအထားပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီအနေဖြင့် ၄င်းတို့ ကျူးလွန်ထားသည့် စစ်ရာဇဝင်မူများ၊ လူ.အခွင့်အရေးချိုးဖောက်မူများက ဘူးပေါ်သလို ပေါ်ပေါက်လာမည်ဖြစ်သည်။

ထိုမျှမကသေး၊ ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မူများအတွက် ICC ဟုခေါ်သည့် နိုင်ငံတကာရာဇဝတ်တရားရုံးနှင့် အာဂျင်တီးနားနိင်ငံတို့တွင် စစ်ခေါင်းဆောင်များကို တရားစွဲဆိုထားမူများမှာလည်း လုပ်ငန်းစတင်နေပြီဖြစ်သည်။

ယင်းအခြေအနေများနှင့်ပတ်သတ်၍ အာဏာရှင်တို့  မည်မျှခြောက်ခြားနေသည်မှာ မကြာသေးမီက ဖတ်ရှုရသော သတင်းတစ်ခုက သက်သေပြနေသည်။ ICCအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးပို့လာသည့် ဆင့်ခေါ်စာ၊ ဖမ်းဝရမ်းအပါအဝင် မည်သည့်စာကိုမှ လက်ခံခြင်းမပြုရန် လျှိုဝှက် ညွန်ကြားထားခြင်း ဖြစ်သည်။

ယင်းကြောင့်ပင် ခြုံငုံသုံးသပ်ကြည့်ပါက ပြည်သူထံမှ အာဏာကို အကြမ်းဖက်လုယူထားသည့် စစ်အာဏာရှင်တို့မှာ ဘယ်ဖက်သွားသွား ချောက်ကမ်းပါး ဟူသကဲ့သို. အခက်တွေ့နေပြီဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် အာဏာရှင်အခက် ပြည်သူတွေအချက်ပင် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article