34 C
Yangon

နယ်မြေ ကျူးကျော်နေသော စစ်ကောင်စီတပ်များကို ဆက်လက်ကူညီပံ့ပိုးနေမည်ဆိုလျှင် BGF တပ်ဖွဲ့ကိုလည်း တိုက်ခိုက်မည်ဟု KNLA တပ်မဟာ ၅ ဗိုလ်မှူးချုပ် ပြော၊ တပ်မဟာ ၅ ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ နယ်မြေသို့ ကျူးကျော်ပြီး စစ်ရေးအုပ်ချုပ်မှုရရန် ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆက်လက်ကူညီပံ့ပိုးနေမည်ဆိုလျှင် တပ်မဟာ ၅ ဒေသအတွင်း မည်သည့်နေရာ၌မဆို တိုက်ခိုက်ရတော့မည်ဟု ကရင်နယ်ခြားစောင့်တပ် BGF ကို KNLA တပ်မဟာ ၅ က သတိပေးထုတ်ပြန်သည်။

နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ကို ပံ့ပိုးကူညီမှုမပြုရန် အချက် ၇ ချက်ပါ ထုတ်ပြန်ချက်ကို တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲ လက်မှတ်ဖြင့် ယမန်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ၇ ချက်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ BGF များအနေဖြင့် စစ်ကောင်စီတပ်များကို လုံးဝ ပူးပေါင်းကူညီခြင်းမပြုရန်၊ သက်ဆိုင်ရာ တပ်ရင်းစခန်းများတွင်သာ နေထိုင်ပြီး သွားလာလှုပ်ရှားရန်၊ စစ်ကောင်စီတပ်ကို ဆက်လက်ကူညီပံ့ပိုးနေမည်ဆိုလျှင် မတိုက်ချင်သော်လည်း တပ်မဟာ ၅ ဘယ်နေရာတွင်မဆို တိုက်ခိုက်ရတော့မည်ဖြစ်ကြောင်း၊ ဒေသခံကျေးရွာသားများအနေဖြင့်လည်း BGF တပ်ဖွဲ့နှင့် ရှောနှောနေထိုင်ခြင်း သွားလာခြင်း မပြုရန်၊ စစ်ကောင်စီက ခန့်အပ်သော မည်သည့်အုပ်ချုပ်ရေးတာဝန်ကိုမဆို လုံးဝတာဝန်ယူလက်ခံခြင်းမပြုရန်၊ KNU စည်းမျဉ်းဥပဒေများအတိုင်း ကျေးရွာပြည်သူများ တင်မြှောက်ထားသည့် ကျေးရွာ မြို့နယ် ခရိုင်ခေါင်းဆောင်များ၏ ဦးဆောင်မှုကို လေးစားလိုက်နာရန် စသည့် အချက်များ ပါရှိသည်။

ဗိုလ်မှူးချုပ် စောမူဟဲ၏ ရေးသားထုတ်ပြန်ချက်တွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ ရိက္ခာပို့ ယာဉ်တန်းများကို KNLA က ကြားဖြတ်တိုက်ခိုက်မှုများကြောင့် အဆိုပါ ခဲယမ်းရိက္ခာများသည် ရှေ့တန်းစခန်းများသို့ မရောက်ရှိကြောင်း၊ အဆိုပါ ရိက္ခာပို့တာဝန်ကို BGF တပ်ဖွဲ့များကို တာဝန်ယူခိုင်းနေကြောင်း၊ BGF တပ်ဖွဲ့များသည် ဒေသခံ ကရင်လူမျိုးများအပေါ် လုံးဝငဲ့ညှာမှုမရှိဘဲ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ပါရှိသည်။

ယနေ့နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ဒွယ်လိုမြို့နယ်အတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၄ လုံး ကျဲချခဲ့ခြင်းဖြစ်ပြီး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာရှိ နေအိမ် ၅ လုံး ပျက်စီးသွားပြီး၊ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒွယ်လိုးမြို့နယ်အတွင်းရှိ လယ်ထူဖိုးဒေသ၌ ဗုံး ၂ လုံး နှင့် ထွီသီးအူ၌ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ

photo credit – Salween Press

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article