35 C
Yangon

မကွေးတိုင်းတွင် PDF များ နယ်မြေစိုးမိုးလာမှု တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ သွေးပျက်နေကြ၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော် ကျော်လင်း ကိုယ်တိုင် PDFက ပြည်သူကို အခြေခံဖွဲ့ထား ဟု ဝန်ခံခဲ့ရ(ရုပ်/သံ)

Must read

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်းအတွင်းရှိ ၆ မြို့နယ်တွင် အစိုးရ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး နယ်မြေခံမှလွဲ၍ အစိုးရဝန်ထမ်းများ ထွက်ပြေးနေရကြောင်း မကွေးတိုင်းစစ်ကောင်စီ၏ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုလိုက်သည်။ 

ဇန်နဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်းစစ်ကောင်စီ၏ နယ်မြေကွင်းဆင်းဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အသိ ပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဇူလိုင်မှစတင်ပြီး ယခုအချိန်အထိ ဂန့်ဂေါခရိုင် ၃ မြို့နယ်ဖြစ်သည့် ဂန့်​ဂေါမြို့နယ်၊ ​​ဆောမြို့နယ်၊ ထီးလင်းမြို့နယ်တွင် အစိုးရအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး လက်ရှိ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နှင့် ရေစကြိုမြို့တို့တွင်လည်း အလားတူ ဖြစ်လာနေကြောင်း ၎င်းက ပြောဆိုသည်။ 

” ဇူလိုင်က စပြီး PDF ကိစ္စတွေ ပေါ်လာတဲ့အခါမှာ ပထမအဆင့်ကတော့ ကျနော်တို့ ဂန့်ဂေါခရိုင် ၃ မြို့နယ်က အစိုးရရဲ့ အုပ်ချုပ်ယန္တရား ပျက်လုနီးပါးအဆင့်ကို ရောက်သွားပါတယ်။ ဒါဘာလဲဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ ပျက်ပြားသွားတယ်။ နောက် ဖွဲ့စည်းထားတဲ့မြို့နယ်အဆင့်၊ ခရိုင်အဆင့် အစိုးရယန္တရားအဖွဲ့အသီးသီးရဲ့ တာဝန်တွေအားလုံး ရပ်ဆိုင်းသွားပါတယ်။ ဒါ့အပြင် ဝန်ထမ်းအေားလုံးကလည်း ဒီဒေသမှာ မနေရရဲလို့ နယ်မြေခံကလွဲလို့ ကျန်တဲ့ပုဂ္ဂိုလ်တွေ ထွက်ခွာသွားရပါတယ်။ နောက်တစ်ဆင့် တက်လာတာကတော့ ပေါက်၊ မြိုင်၊ ရေစကြိုပါ။ လက်ရှိလည်း ဒီဒေသမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုသည်။

NUG အစိုးရ၏ PDF သည် ပြည်သူကို အခြေခံထားကြောင်း၊ ပြည်သူ့စစ်မဟာ ဗျူဟာကို အသုံးပြုနေကြောင်း၊ PDF သည် ဗမာ သူပုန်သာဖြစ်ပြီး စစ်တပ်အနေဖြင့် ယခင် ဗမာသူပုန်ဖြစ်သည့် ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီကို နိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ကြောင်း၊  ဗကပတွင် ပါဝင်သည့် ကချင်၊ ၀ ၊ ကိုးကန့်နှင့် ရှမ်းတို့ ပြိုကွဲ၍သာ ဗကပ နိဂုံးချုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။  

“အစိုးရရဲ့ အုပ်ချုပ်မှုအာဏာ သက်ရောက်မှ အစိုးရလို့ ခေါ်လို့ရတာဖြစ်ပါတယ်။ အစိုးရက သတ်မှတ်ထးတဲ့ ဖွဲ့စည်းပုံတွေ ဥပဒေတွေ ဆုံးဖြတ်ချက်တွေကို လက်မခံဘူးဆိုတဲ့ သဘောတရားက ထားလို့မရပါဘူး။ သို့သော်လည်း တစ်ဖက်အဖွဲ့အစည်းအနေနဲ့ ဒါတွေကို လက်မခံတဲ့အတွက် အစိုးရတစ်ရပ်ထပ်မံ ဖွဲ့လာပါတယ်။ ဒါကတော့ NUG အစိုးရ ဖြစ်ပါတယ်။ NUG ရဲ့ လက် ကိုင်တုတ်ကတော့ PDF ဖြစ်ပါတယ်။ PDF ဆိုတဲ့ သဘောတရားကို ပြန်ပြီး ဆန်းစစ်ကြည့်တဲ့အခါမှာ ပြည်သူကို အခြေခံတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ PDF က ကျနော်တို့နိုင်ငံရဲ့ လူမျိုး ၁၃၅ မျိုး အဓိက လူမျိုးကြီး ၈ မျိုးထဲမှာ လက်ရှိ သူပုန်ပေါင်း ၁၆၀ ကျော်မှာ နောက်တစ်မျိုးတိုးလာတာ ဗမာသူပုန်ဖြစ်ပါတယ်။ PDF ဆိုတာ ဗမာ သူပုန်လို့ သတ်မှတ်လို့ရပါတယ်။ ကျနော်တို့ နိုင်ငံသမိုင်းမှာ ဗမာသူပုန်ရှိခဲ့ဖူးပါတယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင်ကတည်းက သခင်သန်းထွန်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီခွဲထွက် သူပုန်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာ ကချင် ၊၀ ၊ရှမ်း၊ ကိုးကန့်ကို ဗကပ ဆိုပြီး ဗမာက အုပ်ချုပ်ခဲ့ပြီးတော့ ဗမာသူပုန်အဖြစ် တိုက်ခဲ့ရတာ မိုင်းယန်းတိုက်ပွဲအပြီးမှာ ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားတာပါ။ ကျနော်တို့က ဗမာသူပုန်ကို နိုင်အောင် တိုက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ခုနက ကျနော်တင်ပြခဲ့တဲ့ တိုင်းရင်းသား ၄ မျိုးက ခွဲထွက်တော်လှန်လို့သာ ဗမာသူပုန်ပျောက်သွားတာပါ” ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ဆိုသည်။ 

လက်ရှိအချိန်တွင် ယခင် ဗကပ ကို တိုက်သကဲ့သို့ ဖြတ်လေးဖြတ်ဖြင့် PDF ကို မတိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“၂၀၂၂ ခုနှစ်မှာ ဗမာသူပုန်ပေါ်လာတာ။ ကျနော်တို့ ပဲခူးရိုးမကို ဘယ်လိုတိုက်ခဲ့ရလဲဆိုတော့ ဖြတ်လေးဖြတ်နဲ့ တိုက်ခဲ့ရတာ။ အဲဒီခေတ်အဲဒီအခါက မီဒီယာအခြေအနေအရ လုပ်လို့ရပေမယ့် အခုခေတ် မကွေးတိုင်းတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဒီလိုနည်းလမ်းတွေနဲ့ သုံးလို့ အဆင်မပြေတော့ပါဘူး။ အဲဒီတော့ ခုန ကျနော်တင်ပြတဲ့အထဲမှာ မဟာဗျူဟာကို တင်ပြမယ်။ ကျနော်တို့ နိုင်ငံက ဘက်မလိုက် နိုင်ငံဖြစ်ပါတယ်။ ဘန်ဒေါင်းမှာလည်း ဘက်မလိုက်နိုင်ငံဖြစ်ပါတယ်။ ဘက်မလိုက်နိုင်ငံဆိုတာ သူများကို မကျူးကျော်ဘူး။ ကိုယ့်နိုင်ငံကျူးကျော်တာ လက်မခံဘူး။  သူများရဲ အတွင်းရေးကို မစွတ်ဖက်ဘူး။ ကျနော်တို့ တပ်မတော်နဲ့ နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာကို ချမှတ်တဲ့အခါမှာ ပြည်သူ့စစ် မဟာဗျူဟာကို ချထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောသည်။  

PDF များကို တိုက်ခိုက်ရန် ကောင်တာ ပြည်သူ့စစ်ဗဟာဗျူဟာကို အသုံးပြုရမည်ဖြစ်ပြီး ပြည်သူလူထုကိုလည်း လက်ဦးမှု ရယူ စည်းရုံးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“လက်ရှိ PDF တွေ ကျင့်သုံးနေတာက ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပါတယ်။ ဒါကြောင့် PDF ပြည်သူ့စစ် မဟာဗျူဟာကို ကောင်တာ မဟာဗျူဟာနဲ့ တိုက်မယ်ဆိုရင် ကျနော်တို့ အချက် ၂ ချက် ပဲရှိပါတယ်။ပထမ တစ်ချက် အကိုင်း အခက်နဲ့ ပင်မအမြစ်ကို ဖြတ်တောက်ရမယ်။ ဒါတွေက ဘာလဲဆိုတော့  ရစရာရှိတဲ့ ငွေကြေး ရနိုင်တဲ့ နည်းလမ်းတွေ အစားအသောက် ရိက္ခာ လက်နက်ခဲယမ်း အင်အား အဲဒါတွေကို ဖြတ်တောက်ရပါ့မယ်။ ဒုတိယအချက်ကတော့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုရယူဖို့ ဖြစ်ပါတယ်။ လက်ရှိ ဇူလိုင်လကနေစပြီး အခုအချိန်အထိ အစိုးရနဲ့ ပြည်သူ အဆက်ပြတ်နေသလိုဖြစ်နေပါတယ်။  အဆက်ပြတ်နေတဲ့ ပြန်လည် ထိတွေ့ဖို့အတွက် သက်ဆိုင်ရာ တိုင်းအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ တွေက သွားလို့ရတဲ့ လုံခြုံရေး အထောက်အပံ့နေရာတွေကို သွားရောက်ပြီး ဒေသခံပြည်သူနဲ့ ပြန်လည် ထိတွေ့ပြီးတော့ အုပ်ချုပ်မှု ယန္တရားကို ပြန်လည် တည်ဆောက်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article