36 C
Yangon

မင်းအောင်လှိုင်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် တရားစွဲဆိုခံရမှု ဖိအားလျော့ကျရေး မွတ်စလင် OIC နိုင်ငံများသို့ ဌေးအောင်နှင့်အဖွဲ့ကို ကိုယ်စား လှယ်စေလွှတ်၊ ICJ တရားရုံးက ဖေဖော် ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ အမှုကြားနာစစ်ဆေးမည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှင့်စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ICJ အပြည်ပြည်ဆိုင်ရာတရားရုံး၊ ICC နိုင်ငံတကာရာဇဝတ်တရားရုံးအပါအဝင် နိုင်ငံတကာတွင် တရားစွဲဆိုခံထားရမှုများနှင့်ပတ်သက်ပြီး ဖိအားလျော့ချ ဖြေရှင်းရန် OIC နိုင်ငံများသို့ ပြည်တွင်းမှ ဌေးအောင်နှင့်အဖွဲ့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်ကြောင်း ပြည်တွင်း မွတ်စလင် အသိုင်းအ၀ိုင်းက ပြောသည်။ 

ဇန်နဝါရီလ ၂ ရက်နေ့တွင် OIC နိုင်ငံတစ်ခုဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံသို့ Orchid ဟိုတယ်ပိုင်ရှင် ဌေးအောင် နှင့် အဖွဲ့ကို စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ဌေးအောင်နှင့်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံမှ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြောင်း မွတ်စလင်အသိုင်းအဝိုင်းက အတည်ပြုသည်။ 

“ဒီလ ၂ ရက်နေ့က ဦးဌေးအောင် ဆော်ဒီကို ထွက်သွားတယ်လို့ ကြားပါတယ်။ စစ်တပ်ရဲ့ ကိုယ်စား လှယ်အဖြစ်သွားတယ်လို့ သိရတယ်။” ဟု ပြည်တွင်း မွတ်စလင်အသိုင်းအဝိုင်းမှ ဦးဆောင်သူတစ်ဦးက ပြောသည်။ 

မင်းအောင်လှိုင်က ဌေးအောင်ကို သံမတန်အဖြစ် စေလွှတ်ရာတွင် နိုင်ငံကူးလက်မှတ်ကို သံတမန် နိုင်ငံကူးလက်မှတ်ထုတ်ပေးလိုက်သည်ဟု သတင်းရပ်ကွက်များက ပြောဆိုသည်။ 

“သာမာန်စီးပွားရေးသမားတစ်ယောက်ကို သံတမန်နိုင်ငံကူးလက်မှတ်ထုတ် ပေးပြီး၊ တပ်ကအရာရှိနဲ့အတူ စကားပြန်ပါထည့်ပေးလိုက်တယ်။ တဖက်မှာတော့ လုံးဝ အရေးမစိုက်သလိုလုပ်ပြနေပေမဲ့ အတွင်းထဲမှာ တရားရုံးက ဆင့်ခေါ်စာတွေတောင် လက်မခံရဲဘူး။ မင်းအောင်လှိုင်အုပ်စု သွေးပျက်နေတာက ICC နဲ့ Argentina ကေ့စ်တွေပါ၊ ဖမ်းဝရမ်းထုတ်ခံရရင် အာဆီယံလို နိုင်ငံမျိုးတွေ၊ ထိုင်းနိုင်ငံလိုနိုင်ငံမျိုးကိုတောင် ကင်းလွတ်ခွင့် လှမ်းတောင်းရမယ်။ အဲဒီဖမ်းဝရမ်းက သူတို့အတွက်အရမ်း ကိုကြီးမားတဲ့ ဖိအား၊ ပြီးတော့ နိုင်ငံတကာအဆင့် ဝရမ်းပြေးဆိုတဲ့ အဆင့်ကိုရမှာဆိုတော့ ကျွန်တော်ထင်တယ် မင်းအောင် လှိုင်က ဒါကို တွေးပြီး သွေးပျက်နေတယ်။  အခု လော်ဘီသွားလုပ်တဲ့လူတွေကတော့ ဘာမှအောင်မြင်မှာ မဟုတ်ဘူး။ စစ်အုပ်စုက ရိုဟင်ဂျာတွေကို မတရားဖိနှိပ်ရက်စက်ပြီးရင် ဒီလိုလော်ဘီတွေလွှတ်တဲ့ အစဥ်အလာ အရင်ကလည်း ရှိခဲ့တယ်။ ရိုဟင်ဂျာဂျီနိုဆိုက်အစ ၁၉၇၈ တုန်းကလည်း လွှတ်ခဲ့တာတွေရှိတယ်။ စီးပွားရေးသမားကတော့ စီးပွားရေးအမြင်နဲ့သွားတာ၊ မင်းအောင်လှိုင်ကတော့ စိတ်သက်သာရာရဖို့ လွှတ်လိုက်တာပါ” ဟု  ရိုဟင်ဂျာ လွတ် မြောက်ရေး ညွှန့်ပေါင်းအဖွဲ့ တွဲဖက် တည်ထောင်သူ ရိုနေဆန်းလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် တရားစွဲဆိုထားမှုကို လာမည့် ဖေဖော် ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမှု ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း  ICJ က တရားဝင် သတင်းထုတ်ပြန်သည်။ 

မင်းအောင်လှိုင်က  ICJ ၊ ICC နှင့် နိုင်ငံတကာ တရားရုံးများမှ ဆင့်ခေါ်သော ဆင့်စာ၊ ဖမ်း၀ရမ်း အပါအဝင် မည်သည့်စာကိုမှ လက်ခံခြင်းမပြုရန် စစ်တပ်အတွင်းတွင်လည်းကောင်း၊ ဝန်ကြီးဌာနများ အတွင်းတွင် လည်းကောင်း ညွှန် ကြားချက် အမိန့်များ လျှို့ဝှက်ထားပြီး ရန်ကုန်ခေတ်သစ်က ယင်းအမိန့်စာများကို ပြည်သူများသိရှိနိုင်စေရန် သတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article