27 C
Yangon

မင်းအောင်လှိုင်နှင့်စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ နိုင်ငံတကာတရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်မပြုရန် အပြင်းအထန်ကြိုးစားနေ၊ မင်းအောင်လှိုင်ကို တရားရုံးရှေ့ ခေါ်ဆောင်ရေး နိုင်ငံတကာက နှစ်ဆကြိုးပမ်းရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်တပ်သည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာများနှင့် ပြည်သူများအပေါ် သတ်ဖြတ်မှု ဆိုင်ရာ စစ်ရာဇ ဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာ တရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်မပြုရန် အပြင်းအထန်ကြိုးစားနေကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ယနေ့ ထုတ်ပြန်ပြောဆိုသည်။ 

စစ်တပ်အတွင်း ညွှန်ကြားထားသည့်  ပေါက်ကြားလာတဲ့ ကြေးနန်းစာအရ မြန်မာစစ်တပ်သည် ရိုဟင်ဂျာများနှင့် မြန်မာပြည်သူများအပေါ် သတ်ဖြတ် ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇ၀တ်မှုများကို ဖုံးကွယ်ရန် အပြင်းအထန်ကြိုးစားနေမှုကို ပြသနေကြောင်း UK(BROUK) က ပြောသည်။ 

မင်းအောင်လှိုင်က စစ်တပ်တွင် ဖမ်းဝရမ်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ရာဇ ၀တ်တရားရုံး (ICC) သို့မဟုတ် အာဂျင်တီးနားတရားစီရင်ရေးရုံးတို့မှ ဖမ်းဝရမ်း သို့မဟုတ် ဆင့်ခေါ်စာများလက်ခံခြင်းမပြုရန် ဇန်နဝါရီလ ၆ ရက်နေ့က တပ်တွင်းကြေးနန်းစာဖြင့် ညွှန်ကြားထားကြောင်း သိရှိရသည်။ 

“ဒါဟာ ဒေါသထွက်စရာ ဖြစ်ပေမယ့် အံ့သြဖို့ကောင်းတာက အခု မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ ပေါက်ကြားလာတဲ့ ဒီမှတ်စုက မြန်မာစစ်တပ်က နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေနဲ့ သစ္စာရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်တော့မှ ယုံကြည်လို့ မရဘူးဆိုတာ ရှင်း ရှင်းလင်းလင်း ပြသနေပါတယ်” ဟု BROUK ၏ ဥက္ကဌ ဦးထွန်းခင်က ပြောသည်။

“ဒီကြေးနန်းက စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေ၊ စစ်ရာဇဝတ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ မင်းအောင်လှိုင်နဲ့ သူရဲ့ အသိုင်းအဝိုင်းတွေကို တရားမျှတမှုရှေ့ ခေါ်ဆောင် ဆောင်ကျဉ်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက နှစ်ဆကြိုးပမ်းရမယ်ဆိုတာ ပြသနေပါတယ်” ဟု သူက ဆက်ပြောသည်။ 

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် နိုင်ငံတကာတရားရုံးများ၏ ဖမ်း၀ရမ်း၊ ဆင့်ခေါ်စာ၊ ဖမ်းမိန့်များကို လက်မခံရန် မင်းအောင်လှိုင်က ညွှန်ကြားသော လျှို့ဝှက်အမိန့်စာ၊ စစ်တပ်အတွင်းတွင်လည်း မင်းအောင်လှိုင်အလားတူ လျှို့ဝှက် အမိန့်စာ   နှစ်ခုစလုံးကို အများပြည်သူသိရှိစေရန် သတင်းတင်ဆက်ထုတ်ပြန်ပေးခဲ့သည်။ 

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင် အပေါင်းအပါများကို နိုင်ငံတကာ တရားရုံး ICC တွင်လည်း ကောင်း၊ ၂၀၂၁ ခုနှစ် အာဂျင်တီးနား တရားရုံးတွင်လည်း ကောင်း၊ ၂၀၁၉ ခုနှစ်တွင် ICJ တရားရုံးတွင်လည်းကောင်း အမှုများ အသီးသီး ဖွင့်လှစ်ထားပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article