30 C
Yangon

မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များ ဦးဆောင်နေသည့် မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့ အဖြစ် နိုင်ငံတကာက သတ်မှတ်ကြေညာရန် အချိန်ကျပြီ

Must read

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ တစ်ကမ္ဘာလုံးက လက်ခံ အသိ အမှတ်ပြုထားသော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြု၍ အခြေခံဥပဒေ ချိုးဖောက်ကာ လက်နက်အားကိုးဖြင့် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က အာဏာ သိမ်းယူခဲ့သည်။ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း မင်းအောင်လှိုင်နှင့် ဖက်ဆစ်စစ်တပ်ကို လက်မခံ ကြောင်း ပြည်သူ သန်းပေါင်းများစွာ လမ်းမများပေါ်ထွက်၍ ချီတက် သပိတ်မှောက်ခဲ့ကြသည်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူလူထုကို ဥပဒေမဲ့ လမ်းမများပေါ်တွင် စစ်ပွဲပမာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

နုငယ်လှသော လူငယ် ပြည်သူများ၏ ဦးခေါင်းကို ချိန်ရွယ်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယင်းသို့ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်သတ်ဖြတ်ခြင်းမှာလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့ကိုယ်တိုင် ဝါဒဖြန့် မီဒီယာများတွင် ဝန်ခံခဲ့သည်။

ပြည်သူများစွာကို ဥပဒေမဲ့ ၊ အကြောင်းမဲ့ နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်ခဲ့ရာတွင် မန္တလေးမှ ၇ နှစ်သမီးအရွယ် မခင်မျိုးချစ်သည် နေအိမ်တွင် ဖခင်ရင်ခွင်ထဲ ထိုင်နေစဉ် အကြမ်းဖက်စစ်တပ်က ပစ်သတ်၍ ကွယ်လွန်ခဲ့ရသည်။ မခင်မျိုးချစ်အပါအဝင် ကလေးငယ် အများအပြားသည် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည်။

လူမမယ် ကလေးငယ်များမှစတင်၍ မသန်စွမ်းများအထိ အကြမ်းဖက် စစ်တပ်၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကို အကြီးအကျယ် ကြုံတွေ့နေရသည်။ လက်ရှိတွင် ပြည်သူပေါင်း ၁၁၀၀ ကျော်မှာ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ကြရသည်။ ပြည်သူ ၁ သောင်းကျော်မှာလည်း ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခံနေရသည်။ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် အကြမ်းဖက်စစ်တပ်က ညအချိန် ဝင်ရောက် ရမ်းကားပြီး ပြည်သူများ ရိုက်နှက် ညှဉ်းပန်း ဖမ်းဆီးလျက်ရှိနေသည့်အပြင် စစ်ကြောရေးများတွင် သတ်ဖြတ်လျက်ရှိသည်။

စစ်ကောင်စီ၏ ငရဲခန်း စစ်ကြောရေးများတွင် ပြည်သူအများအပြား သေဆုံးနေကြရပြီး ယင်းသို့ သေဆုံးမှုများအတွက် ကျန်ရစ်သူ မိသားစုကိုပင် အသိမပေးဘဲ အလောင်းဖျောက်ဖျက်မှု များစွာလည်း စစ်တပ်က ကျူးလွန်လျက်ရှိသည်။ပြည်သူပိုင်များကို အကြောင်းမဲ့ ဥပဒေမဲ့ ဖျက်ဆီးခြင်း၊ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ခရစ်ယာန် ဘုရားရှိခိုကျောင်းများကိုဖျက်ဆီးခြင်း ၊ စစ်ကြောရေးများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း အစရှိသည့် ဆိုးဝါး ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်က ဆက်တိုက် ဆိုသလို ကျူးလွန်လျက်ရှိသည်။ အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသော ပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများကို ဗီဒီယို၊ ရုပ်သံ၊ ဓာတ်ပုံ အထောက်အထားများစွာဖြင့် ပုဂ္ဂလိက လွတ်လပ်သော သတင်းမီဒီယာများက တင်ပြနေကြသည်။ ကနီနှင့် ဂန့်ဂေါတွင် လူငယ်များအပါအဝင် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်အထိ အကြမ်းဖက်စစ်တပ်က အတင့်ရဲလာနေသည်။

ယခုနောက်ဆုံး ၎င်းတို့၏ လူမဆန်သော ရက်စက်သည့် သတ်ဖြတ်မှုများ ဖုံးကွယ်နိုင်ရန် အကြမ်းဖက်စစ်တပ်က မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ချင်းပြည်နယ်များတွင် မိုဘိုင်းလ်အင်တာနက်များကို ဖြတ်တောက်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဥပဒေဟူ၍ မရှိတော့ဘဲ အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးဖြင့်သာ သန်း ၅၀ ကျော်သော ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျ ခြိမ်းခြောက် အုပ်ချုပ်လျက်ရှိနေသည်။ စစ်ကြောရေးဟူသော ငရဲခန်းများ ဖန်တီး၍ တက်ကြွလှုပ်ရှားသော ပြည်သူနှင့်လူငယ်များကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေမှုများမှာ တစ်နေ့တစ်ခြား တိုးပွားလာလျက်ရှိနေသည်။

ယခုနောက်ဆုံး ချင်းပြည်နယ်၊ ထန်တလန်တွင် သင်းအုပ်ဆရာကို ပစ်သတ်ပြီး လက်စွပ်ချွတ်ယူရန် လက်ဖြတ်တောက်သည်အထိ ရက်စက် အတင့်ရဲလာနေပြီဖြစ်သည်။ ယင်းအပြင် တိုင်းရင်းသားဒေသများတွင်လည်း စစ်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များသုံး၍ တိုင်းရင်းသား ပြည်သူများကို သတ်ဖြတ်လျက်ရှိသည်။ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုများက ယခုမှ လုပ်ဆောင်နေခြင်းမဟုတ်ပေ။

နှစ်ပေါင်းများစွာ အစဉ်အဆက် ပြည်သူကို ဥပဒေမဲ့ သတ်ဖြတ်နေခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် ဖက်ဆစ် စစ်တပ်သည် ၂၀၁၂ ခုနှစ်တွင် ဘာသာရေးနှင့် လူမျိုးရေး အဓိက ရုဏ်း၊ ပဋိပက္ခများ ဖန်တီးပြီး မွတ်စလင်များနှင့် ရိုဟင်ဂျာများကို အကြီးအကျယ် သတ်ဖြတ်မှုများလုပ်ဆောင်ကြသည်။ ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ် သတ်ဖြတ် ရမ်းကား မှုများကြောင့် သန်းနှင့်ချီသော ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး စစ်တပ်သည် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ မြန်မာပြည်သူများ၊ ရိုဟင်ဂျာများ ၊ တိုင်းရင်းသားလူနည်းစုများအပေါ် သတ်ဖြတ်ချင်တိုင်း ဥပဒေမဲ့ သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်ကို အရေးယူရန် နိုင်ငံတကာအသိုင်းအ၀ိုင်း သည် ပျက်ကွက်နေပြီး စိုးရိမ်ပါသည်ဆိုသော စကားဖြင့်သာ အချိန်ကုန်နေခဲ့သည်။ ယခုအခါ မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များ ဦးဆောင်နေသည့် အကြမ်းဖက် စစ်တပ်၏ လူမဆန်သော ရက်စက်လွန်းသည့် လုပ်ရပ်များအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် စိုးရိမ်နေရုံမျှဖြင့် မပြီးသင့်တော့ပေ။

မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်သည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝေဖန် ပြောဆိုနေမှုများကို လုံး၀ အရေးမထား၊ အလေးမထား၊ ဂရုမစိုက်ဘဲ မြန်မာနိုင်ငံတွင် ပြည်သူကို သတ်ဖြတ်နေဆဲ၊ ညှဉ်းပန်းနေဆဲ၊ ဥပဒေမဲ့ ရမ်းကားနေဆဲဖြစ်သည်။ထိုသို့အခြေအနေတွင် မြန်မာပြည်သူများ၏ အသက်ကို ကယ်ဆယ်ရေး၊ မြန်မာနိုင်ငံကို ချောက်အတွင်းမှ ကယ်ထုတ်ရေးမှာ စစ်ကောင်စီကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာရုံမှ အခြားမရှိတော့ပေ။ နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို လူသားမျိုးနွယ်ကို ခြိမ်းခြောက်သည့် လူမျိုးတုန်း သတ် ဖြတ်မှု ကျူးလွန်နေသည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာရန် အချိန်ကျပြီဖြစ်သည်။

စစ်ကောင်စီသည် ISIS ၊ တာလီဘန်၊ အယ်လ်ကိုင်ဒါ တို့နည်းတူ အပြစ်မဲ့သူများအပေါ် ရမ်းကား ဥပဒေမဲ့ သတ်ဖြတ်နေခြင်းဖြစ်သည်။ သန်း ၅၀ ကျော်သော ပြည်သူများအပေါ် ရမ်းကား သတ်ဖြတ် အနိုင်ကျင့် ဗိုလ်ကျနေသော နာဇီလက်သစ် မင်းအောင်လှိုင်နှင့် စစ်တပ်၏ ကျူးလွန်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် အဖွဲ့အဖြစ် စစ်ကောင်စီကို ကြေညာပြီး နိုင်ငံတကာက အမြန်ဆုံး အရေးယူရန် ရန်ကုန်ခေတ်သစ်က တိုက်တွန်းအပ်သည်။

ဓာတ်ပုံ- Reuters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article