28 C
Yangon

မတ္တရာမြို့နယ်၊ ကောက်ရိုးပုံရွာကို စစ်တပ်က သုံးကြိမ်မြောက် မီးရှို့၊ ပြည်သူများ နေအိမ်အများအပြား မီးရှို့ ဖျက်ဆီးခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ကောက်ရိုးပုံကျေးရွာကို အကြမ်းဖက် စစ်ကောင် စီတပ်ဖွဲ့၊ ရေနံ့သာစခန်းမှူး အပါအဝင် ပျူစောထူး သုံးဖွဲ့ပေါင်း အင်အား ၂၀ ခန့်ဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ သုံးကြိမ်တိုင်တိုင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ 

“၁၂ ရက်နေ့ ည ၂ နာရီလောက်က ရှို့တာ ၆ အိမ်ကို မီးရှို့တယ်။ ၁၃ ရက်နေ့ နေ့လယ်ပိုင်းကျတော့ PDF က လာပြီး ၃ ယောက်ကို ဓားနဲ့ သတ်ပစ်လိုက်တာ။ ပျူ ဒလန်တွေကို သတ်တာပေါ့။ ရွာထဲမှာရှိတဲ့ ဒလန်။ အဲဒါပြီးတော့ တစ်ခါ  ရဲ၊ စစ်သား၊ ပျူတွေက မီးထပ်လာရှို့ပြီးတော့ ရွာရဲ့တောင်ဘက်က ရွာကို ထွက်သွားတာ” ဟု ကောက်ရိုးပုံရွာ ဒေသခံ တစ်ဦးက ပြောဆိုသည်။ 

အကြမ်းဖက် စစ်ကာင်စီတပ်များသည် ၎င်းတို့၏ သတင်းပေးပျူဒလန် သေဆုံးသည်ဟု သတင်းရပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ကောက်ရိုးပုံရွာသို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာပြီး အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၅ အိမ်ကို ထပ်မံ မီးရှို့သွားခဲ့ကြခြင်းဖြစ်သည်။ 

“ရွာထဲက လူတွေထွက်ပြေးကြရတာရတာပေါ့။ အခုနေ့လယ်ပိုင်းကျတော့ ရှို့တာများတယ်။ ထောက်ခံတဲ့ လူတွေအိမ်ကို လိုက်ရှို့တာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့ တတိယအကြိမ် ကောက်ရိုးပုံကျေး ရွာရှိ နေအိမ်များကို မီးရှို့မှုမှာ အတော်များပြီး မီးလောင်ကျွမ်းမှုမှာ တစ်ရွာလုံးသို့ ပျံ့နှံ့နေပြီဖြစ်ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင်း ထပ်မံ မီးရှို့မှာ အရေအတွက်အတိအကျ မသိရသေးသော်လည်း များကြောင်း ဒေသခံများက ပြောဆိုသည်။

ကောက်ရိုးပုံကျေးရွာရှိ ကျေးရွာသူ/ရွာသားများမှာ အသင့်အနေအထား အမြဲပြင် ဆင်နေကြရပြီး အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများ ရွာထဲသို့ ဝင်ရောက်သည် သတင်းကြားသည်နှင့် တစ်ပြိုင်နက် အမြဲလိုလို ထွက်ပြေးနေကြရခြင်းဖြစ်သည်။ 

“သူတို့ လာပြီဆိုရင် အမြဲတမ်းပြေးနေရတာ။ ကျွန်မတို့ ပြေးနေရတာ ကြာပြီ။ အခုကို ပြေးရတဲ့ အခေါက်ပေါင်း မရေတွက်နိုင်ဘူး။ ထုံးစံဖြစ်နေပြီ။ လာပြီဟေ့ ဆိုရင် လှေတွေနဲ့  အရှေ့ဘက်ပြေးလို့ ၊ ဆိုင်ကယ်တွေနဲ့ အနောက်ဘက်တို့ မြောက်ဘက်တို့ အဲဒီလိုပဲ။ သူတို့က လာရင် ရေကြောင်းနဲ့လည်း လာတာများတယ်” ဟု ကောက်ရိုးပုံကျေးရွာသူ တစ်ဦးက ၎င်းတို့၏ အမြဲလိုလို ထွက်ပြေးနေရသည့် အခြေအနေကို ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article