40.9 C
Yangon

ရန်ကုန်၊မန္တလေးနှင့်ပုသိမ်တို့ တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ၊ စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်မှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ယမန်နေ့ ဇန် နဝါရီလ ၁၃ ရက်နေ့တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီတွင် ပေါက်ကွဲသံအလွန်ကျယ်လောင်စွာကြားရကြောင်း၊ လူထိခိုက်မှု ရှိ၊ မရှိမသိရဘဲ ညဘက်ဖြစ်၍ မည်သူမှ အပြင်ထွက်မရ၍ အခြေအနေမသိရှိရဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် နေရာတချို့တွင် ဇန်နဝါရီလ ၁၂ရက် ညပိုင်း၌ ဗုံးပေါက်ကွဲမှုများဖြစ်‌ပေါ်ခဲ့ပြီး  ည  ၈ နာရီ ၃၀ မိနစ် အချိန်တွင်တစ်ကြိမ်၊ ည ၈ နာရီ ၄၀ မိနစ် အချိန်တွင်တစ်ကြိမ်၊ ည ၉ နာရီ ၃၇ မိနစ် အချိန်တွင် တစ်ကြိမ်  နှင့် ည  ၉ နာရီ ၄၅ မိနစ် အချိန်တွင် တစ်ကြိမ် ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ 

“မြောက်ဥက္ကလာမှာက ဗုံးပေါက်ကွဲသံက ညတိုင်းကြားနေရတာပဲ။ ညဘက်ဆိုတော့ အပြင်လည်း မထွက်ရဲဘူး။ လမ်းပေါ်မှာည ၇ နာရီကျော် ၈ နာရီလောက်ဆို လူသူ မရှိတော့ဘူး။ ဗုံးကွဲသံကြား လည်း ကြားတယ်လို့သာမှတ်ပြီး ငြိမ်နေရတာပဲ” ဟု မြောက်ဥက္ကလာအ၀ိုင်းအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကပြောသည်။ 

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ ညအချိန် တိုက်ကြီး​မြို့တွင် မီးပြတ်နေချိန် တိုက်ကြီးမြို့ GE4 တပ်မှ စစ်သားနှစ်ယောက် တိုက်ကြီးမြို့အင်းကလားကြီးရပ်ကွက်တွင် လုံခြုံရေးကင်းစောင့်နေချိန် အမည်မသိ သေနတ်သမားတချို့က ပစ်ခတ်သဖြင့် စစ်သား ၂ ဦးသေဆုံးကြောင်း တိုက်ကြီးဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။ 

အလားတူ မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ်လျှပ်စစ်ရုံးတွင် ယနေ့ နံနက် ၇ နာရီ အချိန် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်မှုလုပ်ဆောင်ကြောင်း သိရှိရသည်။ 

“ဗုံးပေါက်သံကြားပြီးတော့ စစ်ခွေးတွေက ရမ်းပစ်တယ်။ လျှပ်စစ်ရုံးထဲကနေ ပစ်တာ။ သေနတ်သံ နှစ်ချက်ကြားရတယ်။ အဲဒီရှေ့က မဖြတ်ရဲဘဲ ပြန်လှည့်လာရတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ၊ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် ယနေ့နံနက် ၉နာရီဝန်းကျင် ပုသိမ်မြို့လယ်ခေါင် ကြေးရုပ်အနီးရှိ ယာဥ်ထိန်းရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ယနေ့ နံနက် ဗုံးပေါက်ကွဲသော မန္တလေးမဟာအောင်မြေ EPC ရုံး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article