31 C
Yangon

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာကြားစခန်းမှူး CDM ဗိုလ်ကြီး ကောင်းသူဝင်းနှင့် တွေ့ဆုံခြင်း (နိဂုံး)

Must read

“စစ်တပ်က မြို့တွေပေါ်လောက်ပဲ ထိန်းထားနိုင်တဲ့ အနေအထားတော့ ရှိတယ်။ အပြင်မှာတော့ ရွာတွေမှာတော့ တော်တော့ကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ အမြဲတမ်းလေတပ်ကို Standby စောင့်ခိုင်း တာရှိပါတယ်။”



By ရန်ကုန်ခေတ်သစ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာကြားစခန်းမှူး CDM ဗိုလ်ကြီး ကောင်းသူဝင်းနှင့် တွေ့ဆုံခြင်း (နိဂုံး)

စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းသည် အနောက် မြောက် တိုင်း စစ်ဌာန ချုပ် လက် အောက်ခံ မုံရွာကြားစခန်းမှူးအဖြစ်တာဝန်ယူခဲ့သော တတိယတန်း စစ်ထောက်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် လက်နက်အပြည့်အစုံဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-KKG ထံ CDM ပြုလုပ်ကာ အလင်းဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်ကြီး ကောင်းသူဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ဗိုလ်ကြီးက စစ်ထောက်ဆိုတော့ ဘာတာဝန်တွေလုပ်ရလဲ။

ဖြေ။ ။ စစ်ထောက်ဆိုတာ မတူပီမှာ ကျွန်တော့်ရဲ့ Position က ဦးစီးအရာရှိ တတိယတန်း စစ်ထောက်ပေါ့နော်။ ဘာလုပ်ရလဲဆိုရင် ကျွန်တော်ရဲ့ အဓိက တာဝန်က တပ်မှာရှိတဲ့ စိုက်ပျိုး မွေးမြူရေးရှိတယ် ရိက္ခာပုံတဲ့အပိုင်းတွေ ရှိမယ်။ စစ်သုံး မော်တော်ယာဉ်တို့ ၊ လေယာဉ်တွေမှာဆို ကျွန်တော်တို့ ရဟတ်ယာဉ်မှာ ပစ္စည်းတင်တာတို့ အဲ့ကိစ္စတွေ လုပ်ရမယ်။ နောက်ပြီး တပ်က ရေမီး ကိစ္စတို့၊ တပ်က အဆောက်အအုံတွေ ဘာတွေ ဆောက်တဲ့ဟာကို ကြီးကြပ်ပေးတာတို့ ဘာတို့ပေါ့။ အဲလိုမျိုး ကိစ္စပေါ့။ ကျွန်တော့်ရဲ့ အဓိက တာဝန်က အဲဒီလိုမျိုးတွေပေါ့။ ဒါပေမဲ့ ကျွန်တော်က မုံရွာမှာ သွားနေရတယ်။ မုံရွာမှာ ကြားစခန်းမှူးပေါ့နော် ၊ လေဆင်(0:48) လို့လည်း ခေါ်တယ် ။ သွားနေတဲ့ အနေအထားမှာကျတော့ ကျွန်တော်က မုံရွာကနေ အကုန်လုပ်ပေးရတာပေါ့ဗျာ။ မတူပီအောက်က တပ်ရင်းတွေ တချို့လည်း ရှိတယ်။ သူတို့ ကိစ္စတွေကို လုပ်ပေးရတာရှိတယ်။ ဥပမာပေါ့ဗျာ – စစ်ဝတ်ပစ္စည်းတွေ ထုတ်မယ်ဆိုရင်၊ စစ်ဝတ်ပစ္စည်းတွေကို ယာဉ်တန်းရှိတဲ့အချိန်ကျရင် တင်တဲ့အချိန် တင် ၊ နောက်တစ်ခုက အဲဒီလိုမျိုးပဲ ရိက္ခာတွေ ခွင့်ပြုမိန့်တွေ တိုင်းမှာယူ။ စစ်သည်တွေ လစာတွေ ၊ အပေါ်ကနေ ပို့တဲ့ စာရွက်စာတန်းတွေကို ကျွန်တော် ငွေစာရင်းရုံးမှာ လုပ်၊ လုပ်ပြီးတော့ လစာ ချက်တို့ ၊ တပ်မှာသုံးတဲ့ ဆောင်ငွေ ချက်တို့ ဘာတို့ တပ်က အထွေထွေကိစ္စတွေ ၊ ငွေကိစ္စတွေ စီစဉ်ပေးတာတို့၊ နောက်ပြီးတော့ ဥပမာ တပ်မှာ သေနတ်ထုတ်ချင်တယ် ဘာညာပေါ့ဗျာ၊ မတူပီကိုယ်စား ။ ခုန ဟိုအဖွဲ့တွေ သွားတုန်းကဆိုလည်း ကျွန်တော် သေနတ် မန္တလေးမှာ အဲဒါတွေ သွားထုတ်ပေးရတယ် အဲဒီလိုမျိုး။ မုံရွာကနေပြီး မတူပီအတွက် လုပ်ပေးရတာမျိုးပေါ့။ ဟုတ်ကဲ့ ။

မေး။ ။ ပြီးခဲ့တဲ့ လပိုင်းမှာ စပြီးတော့ အနောက်မြောက်ပိုင်းမှာ စစ်ကိုင်းတို့ ၊ မကွေးတို့ ၊ ချင်းတို့ကိုပေါ့နော် အထူးစစ်ဆင်ရေးအနေနဲ့ အဲဒီအကြောင်းကိုရော ဗိုလ်ကြီး တပ်ထဲမှာ နေတုန်းက ဘယ်လိုမျိုး ကြားရလဲ။ ဘယ်လိုမျိုး သိရလဲ ။ သူတို့က ဘယ်လိုအစီအစဉ်နဲ့ သွားလဲ။ အခုကရော အဲဒီစစ်ဆင်ရေးရဲ့ အခြေအနေက ဘယ်လိုမျိုး ရှိလဲပေါ့ခင်ဗျာ။

ဖြေ။ ။ ဒီမုံရွာမှာပေါ့ဗျာ။ စစ်ဌာနချုပ်မှာ ဘယ်လိုရှိလဲဆိုတော့ ဒါက ကျွန်တော်တို့ ရုံးသွားတဲ့အချိန်မှာ အများကြီးတွေ့ရတာပေါ့။ တွေ့ရတာကတော့ စစ်ဆင်ရေးရုံးနားမှာပေါ့။ စစ်ဆင်ရေး ရုံးနားမှာ ပုံမှန် ဆို ရင်တော့ G2 , G3, G1 လောက်ပဲ ထိုင်တာပေါ့။ အဲဒီမှာ ရုံးထိုင်တာက။ အဲ့နေရာမှာ တိုင်းမှူးက ဘေးမှာ လာထိုင်ပြီး ကွပ်ကဲတာပေါ့။ ဘာတွေ ကွပ်ကဲလဲဆိုတော့ အဲဒီမှာ တိုင်းမှူးတင်မဟုတ်တော့ဘဲ ဘာတွေ ပါလဲဆိုတော့ လေက အဖွဲ့တွေ ပါတယ်ဗျာ။ လေက G1 တို့ ၊ ရေကလည်း ဗိုလ်မှူးတွေ တွေ့တယ်။ နောက်ပြီးတော့ အမြှောက်တို့ သံချပ်ကာတို့ ကာနယ်တွေပါ အကုန်လုံး စုပြီးတော့ သူတို့က အမြန်စစ်ဆင်ရေးကိစ္စ ဆောင်ရွက်တဲ့အချိန်မှာ မြန်မြန် ပြန်ပြီးတော့ တန်ပြန်လုပ်နိုင်အောင် ။ စစ်ဆင်ရေး တစ်ခုဖြစ်တယ်ဆို ဘယ်နားတော့ စစ်ကူလိုက်နိုင်အောင် ဘယ်နားတော့ လက်နက်ကြီး ပစ် ခတ် ပေးမယ်။ ဘယ်နားတော့ လေယာဉ်နဲ့ သွားချမလဲ လေယာဉ်နဲ့ စစ်ကူသွားချမလား ။ လေယာဉ်နဲ့လာ ပစ်ကူပေးမလားပေါ့။ အဲဒီအနေအထားတွေ လုပ်လို့ရအောင် တိုင်းစစ်ဌာနချုပ်မှာ အဲဒီလိုမျိုး လုပ်လို့ရအောင် ။ ကြာပါပြီ အခု တစ်လ နှစ်လမှ မဟုတ်တော့ဘူး။ ကျွန်တော့်အထင်ဆိုရင် ၈ လပိုင်း ၉ လပိုင်းလောက်ကတည်းက တော်တော်များများ အဲဒီလိုမျိုး အနေ အထားနဲ့ လုပ်နေတယ်ပေါ့ ။ တိုင်းမှူး ပြန်လာကတည်းက ။ ကျွန်တော်တို့ မင်းတပ်ဖြစ်စဉ်ဖြစ်တယ်ဗျာ။ ၅ လပိုင်းမှာ ဖြစ်တယ်။ ဖြစ်တော့ တိုင်းမှူးကို အဲဒီမှာ သွားပြီးတော့ ကျောက်ထုကနေ ကွပ်ကဲခိုင်းတယ်။ ပြီးတော့ ၆ လပိုင်းကနေ ပြန်လာပြီးတော့ အဲဒီနောက်ပိုင်းမှာ ပိုပြီးတော့ အဲဒီလိုမျိုး ဖြစ်သွားတယ်ပေါ့

မေး။ ။ အထူးသဖြင့် ဒီစစ်ယာဉ်တန်းတွေ ၇၀ ၊ ၈၀ လောက်ရှိတဲ့ စစ်ယာဉ်တန်းတွေ မင်းတပ်ကို တက်တာမျိုးတို့ ၊ ကလေးဘက်ကနေ ဖလမ်းဘက်ကို တက်တာမျိုးတို့ ။ အဲဒီလိုမျိုးတက်တဲ့ဟာတွေမှာ ခဏခဏ ကြားဖြတ်တိုက်ခိုက်ခံရတယ်။ အထိနာတာတွေ ရှိတယ်။ အဲဒီဟာတွေကိုရော သူတို့တွေ ဘယ်လိုမျိုး တပ်ထဲမှာ ပြန်ပြီးတော့ ပြောကြလဲ။

ဖြေ။ ။ ဒါ ယာဉ်တန်းတွေ အစီး ၈၀ ၊ ၉၀ တက်တာ ကျွန်တော်တို့ မတူပီဘက်ကိုလည်း ၁၀ လပိုင်းက တစ်ခါ ရှိတယ်။ အခု ပြီးခဲ့တဲ့ ၁၂ လပိုင်း၊ ဒီဟိုဟာ ၁လပိုင်းထဲမှာလည်း ရှိတယ်ပေါ့နော်။ ဟားခါးဘက်လည်း တက် တာရှိတယ်။ ဟားခါး ကလေးဘက်ပေါ့။ တက်ရတဲ့ အကြောင်းအရင်းက ၁၀ လပိုင်းမတိုင်ခင်တုန်းက အင်အားဖြည့်ဖို့ပေါ့ဗျာ ။ မတူပီတို့၊ မတူပီဗျူဟာ အောက်က တပ်ရင်းတွေရှိတယ်။ နောက်ပြီးတော့ ဟားခါးဗျူဟာအောက်က တပ်ရင်းတွေ ရှိတယ်။ အဲဒီအခြေစိုက်တပ်ရင်းတွေကို သူက အင်အားဖြည့်ဖို့ဆိုပြီး တစ်နိုင်ငံလုံးက တပ်တွေက ခွဲထုတ်တယ်ဗျာ။ တစ်တပ် ကို တစ်ယောက်ထုတ်တယ်၊ နှစ်ယောက် ထုတ်တယ်။ မတူပီဆို အင်အား ၄၀၀ ဖြည့်တယ်။ နောက်ပြီးတော့ ကျောင်းဆင်း ရဲဘော်သစ်တွေ ထပ်ပြီးတော့ ပေးတာရှိတယ်။ ဟားခါးတော့ နည်းတယ်ဗျာ။ ဟားခါးဘက် တပ်ရင်းတွေကတော့ အဲဒီလောက်အထိ မဖြည့်ပေးဘူးဗျ ။ သူတို့လည်း ဖြည့်ပေးတယ်ပေါ့။ ထပ်ဖြည့်ပေးတဲ့အဖွဲ့တွေနဲ့ အတူ နောက်ပြီးတော့ ရဲတပ်ဖွဲ့က အဖွဲ့တွေ ပြောင်း တာရှိတယ်။ မတူပီဘက်တို့ ချင်းပြည်နယ်ကို ပြောင်းတဲ့ အဖွဲ့တွေပေါ့။ နောက်အဖွဲ့တွေ သွားဖို့ အတွက်က ယာဉ်တန်းစီစဉ်တယ်ပေါ့ဗျ။ခုနောက်ပိုင်းတိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မတူပီ ၊ ဒီဘက် ဟားခါးတို့ ဘာတို့ဆို ယာဉ်တန်းတွေက သွားဖို့ အခက်အခဲရှိတယ်။ အခက်အခဲရှိတဲ့ အနေအထားမှာ ယာဉ်တန်းကို စီစဉ်တယ်။ လုံခြုံရေးအပြည့်ပေါ့။ ဒီပြင်တပ်မတွေကနေ တပ်မတွေ အောက်က ခြေလျင်တပ်ရင်းက လုံခြုံရေး ယူဖို့ သီးခြားထုတ်ထားတာ ရှိတယ်။ အဲဒါအပြင်သွားမယ့်အဖွဲ့တွေက သွားမယ့်အဖွဲ့ပေါ့။ သူတို့အပေါ်မှာ ရိက္ခာတို့ ၊ နောက်ပြီးတော့ လိုအပ်မယ့် အထွေထွေပစ္စည်းတွေပေါ့ဗျာ။ အဲဒါတွေကို ကားတွေနဲ့ တင်တယ်။ လူတွေအင်အားတွေ ထပ်ပြောင်းတာကျတော့ အခု မတူပီဆိုရင် တပ်မှာရှိတဲ့ ဘားတိုက်တွေက မလောက်တော့ဘူးဗျာ။ မလောက်တော့ ဘားတိုက်အသစ်တွေ ထပ်ဆောက်ဖို့ ယာယီ ဘားတိုက်တွေ ပြင်တဲ့ဟာတွေ ၊ တဲတွေ လည်း ပါတယ်။ သံ၊ ဘိလပ်မြေ ၊ ဆောက်လုပ်ရေးပစ္စည်းက အောက်ကနေ သယ်တာပေါ့။ အဲဒီတော့ ယာဉ်တန်းကြီးက ရှည်သွားတယ်။ လုံခြုံရေးက အဲဒီလိုမျိုး သွားတယ်ပေါ့။ အဲဒီအချိန်မှာ လမ်းမှာကတော့ စပြီးတော့ ကျွန်တော်တို့ မတူပီဆို မုံရွာက စထွက်ပြီးတော့ တိုက်ပွဲဖြစ်တယ်။ ဘယ်မှာဖြစ်လဲဆိုတော့ ချောင်းဦးအကျော်ပေါ့။ ပုံမှန်အတိုင်းဆိုရင်တော့ မုံရွာကနေ မတူပီဆိုရင် ပုံမှန်အချိန်ဆိုရင် တစ်ရက်ထဲနဲ့သွားတဲ့ခရီးပေါ့။ ဒါပေမဲ့ မဟုတ်တော့ဘူး သူက တစ်ဆင့်ချင်းစီ တစ်ဆင့်ပေါ့ဗျာ။ ပခုက္ကူမှာ တစ်ရက်အိပ်လိုက်၊နယ်မြေအခြေအနေတွေကြည့်သေးတာပေါ့ဗျာ။ ပခုက္ကူကနေ ကျောက်ထုမှာ တစ်ရက်အိပ် မင်းတပ်မှာ အိပ် အဲလိုပေါ့။ မင်းတပ်နဲ့ မတူပီကျတော့ မိုင်လည်း ၁၀၀ ဖြစ်တယ်၊ လမ်းမှာ အိပ်စရာလည်း မရှိတော့ နည်းနည်းခက်သွားတာပေါ့။ အခြေပြုဖို့နေရာမရှိတော့။ အဲဒီလိုမျိုးအနေအထားတွေ ရှိပါတယ်။ အဲဒီလို သွားတယ်ပေါ့။ တိုက်ပွဲကတော့ ဖြစ်တာပဲ။ ဘယ်နားဖြစ်ဖြစ် ဖြစ်တာပဲ။

မေး။ ။ အခု ထန်တလန်ဘက်မှာဆိုရင် ထန်တလန်ဆိုရင်လည်း မြို့ပျက်ကြီးလို ဖြစ်သွားပြီပေါ့နော်။ စစ်တပ်က အိမ်တွေ မီးရှို့တာတွေ ဘာတွေရှိတယ်။ ဒါပေမဲ့အခု ထန်တလန်မှာ ကြည့်လိုရှိရင် ချင်း တပ်ဖွဲ့တွေက CDF တို့ CNA တို့ ထန်တလန်မြို့နယ် ဧရိယာတော်တော်များများကို ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတယ်။ စစ်တပ်က အဲဒီ ထန်တလန်မြို့နား တောင်ကုန်းလေးမှာ ဒီ ၃ ၊ ၄ မိုင် ပတ် လည်လောက်ပဲ ထိန်းချုပ်ထားတာရှိတယ်။ အဲဒီထန်တလန်မှာ အခြေစိုက်တဲ့ တပ်အကြောင်းရော ဗိုလ် ကြီးတို့ ဘာများ ကြားတာရှိလဲ။ သူတို့ဘယ်လိုမျိုး ဖြစ်နေလဲ ။

ဖြေ။ ။ ထန်တလန်ကျတော့ ကျွန်တော်တို့ ဗျူဟာကွပ်ကဲမှုအောက်မှာ မရှိဘူး။ ဟားခါးဗျူဟာ ကွပ်ကဲတော့ ကျွန်တော်တို့နဲ့ ဝေးတယ်ပေါ့။ ကျွန်တော်တို့နဲ့ သိပ်ပြီးတော့ ဆက်စပ်မှုတော့ မရှိဘူးပေါ့။ ဒါပေမဲ့ ထန်တလန်မှ မဟုတ်ပါဘူး ဘယ်မြို့ပဲ ဖြစ်ဖြစ် ချင်းပြည်နယ်ရဲ့ မြို့တော်တော်များများမှာ မြို့ပေါ်ကတော့ ဒါစစ်တပ်တို့ ၊ စစ်ကောင်စီတပ်တို့က ထိန်းနိုင်တယ်။ မြို့ပေါ်အခြေစိုက်စခန်းရှိတဲ့ နေရာတွေပေါ့။ ကျန်တဲ့‌ နေရာတွေကျတော့ တိုင်းရင်းသားနယ်မြေကို သူတို့ စစ်ကြောင်းတွေသွားတယ်။ သွားတဲ့အချိန်ခဏပဲ သူတို့ရမယ်။ ပြီးရင် စစ်ကြောင်း ပြန်ထွက်တာနဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ ရွာမှာ ရှိတဲ့ CDF တွေက သူတို့ နေရာပြန်ယူမယ်။ သူတို့ပြန်ပြီးတော့ လှုပ်ရှားတာ ဘာညာ အကုန်လွတ်လွတ်လပ်လပ်ရှိတယ်။ သူတို့ကတော့ (စစ်တပ်က) မြို့တွေပေါ်လောက်ပဲ ထိန်းထားနိုင်တဲ့ အနေအထားတော့ ရှိတယ်။ အပြင်မှာတော့ ရွာတွေမှာတော့ တော်တော့ကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။

မေး။ ။ ချင်းပြည်နယ်ထဲက အဓိက အားဖြင့်တော့ ထန်တလန်ပေါ့နော်။ မင်းတပ်ဘက်မှာလည်း ရှိတာပေါ့နော်။ အဲဒီရှေ့တန်းစခန်းတွေ။ မကွေအိမ်လူး ၊ လုံလဲတို့ အဲဒီက စခန်းတွေကို တိုက်ခံရတာရှိတယ်။ အဲဒီ တပ်ရင်း စခန်း တစ်ခုလုံး CDM လုပ်သွားတာရှိတယ်။ တချို့ စခန်းတွေ ရဟတ်ယာဉ်နဲ့သွားပြန်ခေါ်တာရှိတယ်။ အဲဒါ ဘာကြောင့်လဲ။ အဲဒီလိုမျိုး စခန်းတစ်ခုလုံး ရဟတ်ယာဉ်နဲ့ ပြန်သယ်လာတာလား။

ဖြေ။ ။ များသောအားဖြင့် စခန်းတွေကို ရဟတ်ယာဉ်နဲ့ခေါ်တာ တပ်ချိန်းပြောင်းတာပေါ့နော်။ ဥပမာ _ အဲ့တပ်က စခန်းမှာ တာဝန်ထမ်းဆောင်တာ တစ်နှစ်ရှိရင် ရှိမယ်ပေါ့နော်။ အဲဒီများရင်များမယ်။ အဲ့အနေ အထားမှာ ပြန်ပြီးတော့ ချိန်းတာလည်း ရှိရင် ရှိနိုင်တယ်။ နောက်တစ်ခုက အဲဒီလို စခန်းတွေ ပြန်ခေါ်တယ်ဆိုရင်တော့ ဒါက သူတို့ စစ်ကူပစ်ကူပေးဖို့ပေါ့နော်။ အခြေအနေမကောင်းဘူးပေါ့နော်။ စခန်း အင်အားလည်း နည်းတယ်။ လာတိုက်ရင် မြန်မြန်လည်း ကျသွားမယ်။ သူတို့ စစ်ကူလည်း မလုပ်ပေးနိုင်တဲ့ အတွက် မြေပြင်က သွားရတာ ခက်ခဲတယ်ဆိုရင် ရဟတ်ယာဉ်နဲ့သွားမယ်ဆိုရင် ဒါကြီးက ရဟတ်ယာဉ်က ရာသီဥတုတို့ မြေပြင်အနေအထားတွေ ဘာတွေ ရဟတ်ယာဉ်ကွင်းတွေ လုပ်ထားတဲ့ အနေအထားတွေ မူတည်ပြီးသွားရတာဆိုတော့ ။ အဲဒီလိုအနေအထားကြောင့် ပြန်ပြီးတော့ လာခေါ်တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မတူပီဘက်မှာဆိုရင် မကွေအိမ်လူးကျသွားတာပေါ့။ မကွေအိမ်လူး တစ်ခုလုံး အဲဒီလိုမျိုး ဖြစ်သွားတော့ စစ်ကြောင်းသွားတယ် အောက်ကပဲ။

မေး။ ။ အဲဒီ အနော်ရထာ စစ်ဆင်ရေးက သူတို့စလိုက်ကတည်းက အခုချိန်အထိကို သူတို့က ဘယ်လိုမျိုးလဲ အောင်မြင်လား ရှုံးနိမ့်လား ဘယ်လိုမျိုး ရှိလဲ။ သူတို့ တပ်ထဲ အကြီးပိုင်းထဲမှာရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီက ဗိုလ်မှူးချုပ်ဖြိုးသန့်တို့ ဘာတို့တောင်မှ အကျယ်ချုပ်တွေ ဘာတွေ သတင်းကြားတယ်ပေါ့နော်။ အဲဒီဟာရော ဘာကြားသေးလဲ။

ဖြေ။ ။ ဗိုလ်မှူးချုပ်ဖြိုးသန့်ကတော့ သတင်းမှားပါ။ သူ သတင်းတွေ ထွက်လာပြီးတော့လည်း နောက်နေ့မှာလည်း ကျွန်တော် ရုံးသွားတဲ့အချိန်မှာ တွေ့တယ်။ နောက်ပိုင်းမှာလည်း အများကြီးရှိတယ်။ နောက်ပိုင်း တပ်ပြောင်းစစ်သည်တွေမှာလည်း ကျွန်တော် မတူပီဘက်က အဖွဲ့တွေကို ထိန်းသိမ်းရတဲ့အခါ လာပြီးတော့ စကားပြောတဲ့ အနေအထားတွေလည်း အများကြီး တွေ့ခဲ့တယ်ပေါ့။ ဒီတစ်ခုကတော့ သတင်းမှားပေါ့နော်။ အဓိကကတော့ သူကပဲ ဆက်ပြီးတော့ နဝခမှာ ဆက်ပြီးတော့ ကွပ်ကဲတယ်ပေါ့။ အဲဒီအချိန်မှာ စက ၁၀ ပေါ့နော်။ မုံရွာမြို့ ဟိုဘက်ပေါ့။ ကန့်ဘလူဘက် ၊ အဲဘက်တွေမှာ တမလုံး ထည့်ပြီးတော့ စစ်ဆင်ရေး ကိစ္စတွေလည်း ဆောင်ရွက်တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ လက်ရှိ တပ်ရင်းမှူးပေါ့နော်။ နမခ တိုင်းမှူးဖြစ်သွားတဲ့ ဗိုလ်ချုပ်ကျော်ထိုက်ပေါ့နော်။ သူက တပ်မမှူးပေါ့ ။ အဲဒီအနေအထားတွေ ဖြစ်သွားတယ်။ အဓိကကတော့ဗျာ၊ အဲဒီအချိန်မှာ မုံရွာမှာက တော်တော်များများ မသိတာက အာဏာသိမ်းခါနီးကတည်းက ကစမှူး ဗိုလ်ချုပ်ကြီး တေဇာကျော်က တိုင်းမှူးလည်း ရှိတယ်။ သူတို့ကလည်း သူတို့ဘာသူတို့ သိုသိုသိပ်သိပ်နဲ့ လာနေတယ်။ အခြေအနေကြည့်တယ်။ အာဏာသိမ်းပြီးကတည်းက ။ နောက်ပိုင်း စစ်ဆင်ရေးကိစ္စတွေ များလာတော့ ရုံးပေါ်တက်လာပြီးတော့ သူကိုယ်တိုင် ကွပ်ကွဲတာတွေလည်း ရှိတယ်ပေါ့။ နောက်ပြီးတော့ ဒီဘက်မှာဆိုလည်း ဒီဘက်မှာပေါ့။ သူက မဘက ဘက်လည်း ပါတော့ အဲဒီဘက်လည်း လှည့်ပြီးတော့ သွားတဲ့အနေအထားတွေတော့ ရှိတယ်ပေါ့။ အဲဒီလို အနေအထားတွေနဲ့ ။ စစ်သည်တွေကို ကွပ်ကဲတာတွေလည်း ရှိတယ်။ အဓိကကတော့ဗျာ၊ ဘယ်လိုပြောရမလဲဆိုတော့ ဘယ်တပ်ပဲ ဖြစ်ဖြစ် ဒီဘက် စစ်ကိုင်းတိုင်းထဲက မြို့တော်တော်များများတို့ ချင်းပြည်နယ်ဘက်က မြို့တော်တော်များများတို့က အရင်တုန်းက တိုက်ပွဲ မဖြစ်တဲ့ နေရာတွေ။ မဖြစ်တော့ ကျွန်တော်တို့ ခြေလျင် ခြေမြန်တပ်တွေအနေနဲ့ လာကယ်ဖူးတာ နည်းတယ်ပေါ့ဗျာ။ လာကယ်ဖူးတာ နည်းတဲ့ အနေအထားဆိုတော့ နယ်မြေကျွမ်းကျင်မှုက အများကြီး အားနည်းတယ်ပေါ့။ ဥပမာ – ရှမ်းတို့ ဘာတို့ဆိုရင် သွားခဲ့ဖူးတဲ့ တပ်မတွေ ဘာတွေ အနေအထားရှိတယ်။ ရှမ်းတို့ ကရင်တို့ ဆိုရင်တောင် ဒီ ချင်းတို့ စစ်ကိုင်းတို့ကျတော့ ပုံမှန်ရွာတွေထဲ မဝင်ဖူးဘူးပေါ့။ မြေပြင်အခြေအနေမှာ ဘယ်လို တောင်ကုန်းရှိတယ်။ ဘယ်လို လမ်းခရီးက သွားရင် ဘယ်လို အဆင်ပြေတဲ့ အနေအထား မသိဘူး။ ခဏခဏဗျာ၊ သူတို့ သွားရှင်းခိုင်းတဲ့ ရွာကို သွားရှင်းခိုင်းတယ်။ ဒါပေမဲ့ ဒီရွာမှာတော့ ဘာမှ မဖြစ်ဘူး ဒါပေမဲ့ ပြန်ထွက်လာတဲ့အခါ တိုက်ခိုက်ခံရတာတို့၊ သွားတဲ့လမ်းမှာ တိုက်ခိုက်ခံရတာတို့ ခဏခဏ ဖြစ်တယ်ပေါ့ဗျာ။ အဲဒီလိုမျိုးလည်း တော်တော်များများ ဖြစ်လို့ ဒီစစ်ကိုင်းတိုင်းထဲ မုံရွာအထက်ပိုင်းဆိုရင် စစ်ဆင်ရေးမှာ ဒဏ်ရာရတဲ့လူတွေဆိုရင် ရဟတ်ယာဉ်နဲ့အမြန်လာကောက်တာမျိုးတွေ အလောင်းတွေကို မုံရွာထိသယ်တာမျိုး အဲဒီလိုအနေအထားလေးတွေတော့ရှိပါတယ် တွေ့လည်းတွေ့ရပါတယ် တစ်ခါတစ်လေ ကျရင်တော့ တိုက်ပွဲထိသွား ဒဏ်ရာရတဲ့လူများနေရင် ရဟတ်ယာဉ်ကွင်းမှာသွားပြီးယူတဲ့အနေအထားပေါ့ ပြီးရင်ဆေးရုံထိလိုက်သွားပြီး ထောက်ပံ့တာတို့ဘာတို့ အဲလိုမျိုးအနေအထား လုပ်တာမျိုးလေး တွေတော့ရှိတာပေါ့။ အကျအဆုံးကတော့ အဓိကကတော့ သတင်းမီဒီယာ တွေမှာ တက် သလောက်တော့မများဘူး။ ဒါပေမဲ့အကျအဆုံးကတော့ ရှိတယ်ပေါ့နော် ။ တော်တော်များများရှိတယ်ပေါ့။

မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်ပေါ့ ။ ဒီပုလဲနဲ့ ဦးနှောက်ကျေးရွာပေါ့နော်။ အဲ့ဒီမှာ ပုလဲနယ်မှာဆိုရင် ဦးနှောက်ကျေးရွာမှာ ဗိုလ်နဂါးရှိတယ်ဆိုပြီးတော့ ဝင်တိုက်တာ ရဟတ်ယာဉ်တွေပါပါတယ် ။ အများကြီးပေါ့နော် ။ မြေပြင်တပ်ရင်းတွေရော အဲဒီလိုဆိုတော့ ဒီPDFခေါင်းဆောင်တစ်ယောက်ကိုရဖို့ ဘာဖြစ်လို့ အဲဒီလောက်ထိအင်အားသုံးရတာလဲ။

ဖြေ။ ။အဓိကကတော့ ဒီပုလဲနယ်က တော်တော်စောစောထဲက တိုက်ခိုက်နေတာပေါ့ ။ မုံရွာနဲ့ဘာမှမဝေးဘူး မဝေးဘူးဆိုတော့ တိုင်းသိက္ခာကျတယ်ပေါ့ဗျာ အဲဒီ့နားမှာသူတို့စစ်ကြောင်းသွားရင် စစ်ကြောင်း ကိုအဆွဲခံရတယ် ။ ခဏခဏလည်း တိုက်ပွဲတွေလည်းဖြစ်တယ်ဗျာ။ ပြီးတော့ အဲဒီလိုကြီးကြီး မားမား ကြီးလည်းအောင်မြင်မှုရတာမရှိဘူး မရှိတဲ့အတွက် သူတို့ဂုဏ်သိက္ခာ ဆယ်ချင်တယ်ပေါ့ ။ ဂုဏ်သိက္ခာဆယ်ချင်တော့ ဒီသတင်းတစ်ခုရတဲ့အချိန်မှာ ဒါသတင်းက မှန်ချင် လည်းမှန်မယ်ပေါ့ ။ သူတို့အတည်ပြုတဲ့အချိန်မှာ သူတို့မှန်တယ်လို့ယူဆလို့ပေါ့နော် ။ ရှိသမျှတပ်တွေဆွဲထုတ်ပြီးတော့ ရဟတ်ယာဉ်နဲ့အမြန်ချပေးမယ်ပေါ့ ။ စစ်သည်တွေကို ရွာကို ဝိုင်းလို့ရတဲ့အနေအထားမှာ ရဟတ်ယာဉ်နဲ့ စစ်သည်တွေကိုချပေးမယ်။ ရဟတ်ယာဉ်ပေါ်ကနေ လိုအပ်ရင် MI35 နဲ့ အပေါ်ကနေ လိုအပ်ရင် ဝိုင်းပြီးတော့ ပစ်ခတ်ပေးမယ်ပေါ့ ။ အဲဒီလိုအနေအထားနဲ့ သွားပြီးတော့ ရှာတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ဒီကိစ္စတွေဖြစ်တဲ့အချိန်မှာ ကျွန်တော် ဒီဘက်ရောက်နေတာပေါ့နော်

မေး။ ။MI35Pတိုက်ခိုက်ရေးရဟတ်ယာဉ် ၊ အဲဒီလိုမျိုး ရဟတ်ယာဉ်ကျတော့ ဒီမြန်မာ့တပ်မတော် သူတို့က ဘယ်လိုအခြေအနေမျိုးမှာသုံးလဲ။ အခုဆိုရင် ဒီးမောဆိုလွိုင်ကော်ဘက်မှာ နေ့တိုင်းကို MI35 နဲ့ ပစ်နေတယ် အဲ့တာက ဘယ်လိုမျိုးအခြေအနေမှာ ဒီရဟတ်ယာဉ်ကိုသုံးလဲ။

ဖြေ။ ။အဲဒါက ကျွန်တော်လာတုန်းကကြည့်ကြည့်တော့ မုံရွာမှာ ၂ စီးရှိတယ် ။ လေယာဉ်ကွင်းထဲမှာ ၂ စီးရှိတယ်ပေါ့ ။ အဲဒီ့ ၂ စီးကဘယ်လိုမျိုးအနေအထားမှာသုံးလဲဆိုတော့ အစတုန်းကတော့ မုံရွာမှာလည်း မရှိဘူးပေါ့ ။ ရခိုင်ဖြစ်တုန်းက AAနဲ့ ဖြစ်တုန်းကဆို AAဘက် စစ်တွေတို့ဘာတို့မှာ ထားထား တာလည်းရှိတယ်။ နောက်ပြီးတော့ လောက်ကိုင်တို့ ဘာတို့မှာ ဖြစ်တယ်ဆိုရင်လည်း နီးစပ်ရာ တိုင်းဌာနချုပ်မှာ အဓိကအားဖြင့် ထားတယ်ပေါ့ ။ အခုဆိုရင်လွိုင်ကော်တို့ ဘာတို့ဘက်မှာကျတော့ လွိုင်ကော် ဒကစ ရှိတာကိုး ။ ဒကစ လွိုင်ကော်မှာ သူတို့ထားမယ်ပေါ့ ။ အဲဒီလိုမျိုးအနေအထားမှာ ထားမယ် ။ ထားပြီးတော့ သူ့နယ်ထဲမှာ တိုက်ပွဲဖြစ်မယ်ဗျာ။ တိုက်ပွဲဖြစ်တဲ့အနေအထားမှာ ရန်သူရှိနိုင်မယ့်နေရာကို တိတိကျကျ သိတယ်ပဲဖြစ်ဖြစ် ရန်သူအင်အားများလာပြီးတော့ နှစ်ဘက်ယှဉ်ပြီးတော့ တိုက်တဲ့အချိန်မှာ စစ်တပ် ဘက်ကအင်အားနည်းတယ် ။ ရန်သူဘက်က အင်အားများတယ် ။ အဲ့ဒီလိုအနေအထားကျရင် တိုင်း စစ်ဌာန ချုပ်ကို လှမ်းသတင်းပို့မှပေါ့ဗျာ ။ စစ်ကြောင်းမှူးကိုပဲဖြစ်ဖြစ် တာဝန်ရှိတဲ့အကြီးဆုံးကိုပဲဖြစ်ဖြစ် အနေ အထားမကောင်းဘူးပေါ့ ။ အဲဒီလိုအနေအထားပြောရင် MI 35က နောက်ကနေ အနီးစပ်ဆုံးအမြန်ဆုံးလာပစ်ပေးမယ်ပေါ့ဗျာ။ ဒီလေတပ်ကနေလည်း လေယာဉ်ကွင်းမှာ Standby အနေနဲ့ သူတို့ရဲ့ crew တွေ တိုက်ခိုက်ရေး crew တွေ Standby အနေနဲ့ တစ်ခါတည်းစောင့်နေတယ်။ အမြဲတမ်းပဲ 35 ပဲဖြစ်ဖြစ် MI17 ပဲဖြစ်ဖြစ် ပို့ဖို့အတွက် အမြဲတမ်းလေတပ်ကို Standbyစောင့်ခိုင်းတာရှိပါတယ်။

မေး။ ။တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ စစ်ကိုင်းတို့ မကွေးတို့က တကယ့်ပြည်သူတွေ သူတို့ကကို တော်လှန်နေတော့ ဗိုလ်ကြီးတို့တပ်ထဲမှာ ရှိတဲ့စစ်သားတွေကရော ဘယ်လိုမျိုးခံစားရလဲ သူတို့ဘယ်လို feeling မျိုး ရှိလဲပေါ့နော်။

ဖြေ။ ။ဘယ်လိုမျိုးခံစားမှုရှိလဲဆိုတော့ဗျာ၊ တပ်မတော်မှာ တော်တော်များများက ဗမာပဲ များတယ်လေ ။ ရာခိုင်နှုန်းအများဆုံးကတော့ ဗမာပဲရှိတယ်ပေါ့။ ဗမာ့တပ်မတော်မှာ အဲဒီတော့ ခုတိုက်တဲ့ရွာတွေ တိုက်ပွဲဖြစ်တဲ့ ရွာတွေ တချို့မြို့တွေ ရပ်ကွက်တွေဆိုတာက သူတို့အမျိုးတွေ ကိုယ်တိုင်ကိုက မထောက်ခံတော့ဘူး။ အာဏာသိမ်းကတည်းက ဆန္ဒပြတဲ့သူမျိုးတွေ အဲလိုမျိုးတွေအများကြီး ။ တချို့တွေမှာလည်းရှိတာပေါ့ ။ တချို့တွေကျတော့လည်း အခုအချိန်မှာ ပြန်ပြီးတော့တိုက်နေတာပေါ့ ။ အဲဒီလိုတိုက်တဲ့အနေအထားတွေရှိတော့ သူတို့တပ်က စစ်သည်တွေပဲဖြစ်ဖြစ် အရာရှိတွေပဲဖြစ်ဖြစ် ဘယ်သူမှတော့ အဲဒီလိုမျိုးမတိုက်ချင်ဘူးဗျာ ။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်းမတိုက်ချင်ဘူးဗျာ။ ဘယ်သူမဆိုတော့ မတိုက်ချင်ဘူးဗျာ။ စစ်သားက ဘယ်သူဖြစ်ဖြစ်တော့ ကိုယ့်တပ်မှာနေပြီးတော့ အေးအေးဆေးဆေးပဲ လေ့ကျင့်စရာရှိတာလေ့ကျင့်ပေါ့။ အဲဒီလိုမျိုးလေးတွေပဲနေချင်တာ အခုတော့ အသက်နဲ့ရင်းပြီးတော့ ပစ်သမျှကို အကုန်လိုက်တိုက်နေရတယ်ပေါ့။ အဲဒီကျတော့ သူတို့ခံစားရတာကတော့ ဘယ်လိုပြောရမလဲ ၊ စစ်ပန်းတယ်ပေါ့ ၊ စစ်ပန်းတယ် ၊ နောက်ပြီးတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး ။ အများစုအားဖြင့်ပေါ့နော် ၊ အရာရှိမဟုတ်ဘဲနဲ့ စစ်သားတွေဘာတွေဆိုလည်း ဥပမာ တိုက်ဖို့ခေါ်တယ်၊ တပ်ရင်းတစ်ရင်းကို မင်းကို ဘယ်သွားဆိုပြီးတော့ အရာရှိတွေကိုခေါ်၊ ပြီးတော့ပေါ့ အရာရှိပဲဖြစ်ဖြစ် စစ်ကြောင်းမှူးတွေ တပ်ရင်းမှူးတွေ ဒုတပ်ရင်မှူးတွေခေါ်၊ ပြီးတော့ မြေပြင်အခြေအနေတွေဆွေးနွေးပြီး ရည်ရွယ်ချက်ကို ဆွေးနွေးပြီး လွှတ်လိုက်တာပေါ့ ။ အောက်ပိုင်းက လူတွေကသိချင်မှလည်းသိမှာ ဥပမာ သူ့ရွာကို ပြန်သွားရမယ်ဆိုတာတောင် သိချင်မှ သိမှာ တချို့ကျတော့လည်း ဘယ်သွားတိုက်မလဲ အရိပ်အမြွက်လောက်ပဲပြောတာ။ ဥပမာ ဘယ်မြို့ပေါ့ ဘယ်ရွာတို့ ဘာတို့တော့မပြောဘူးပေါ့ ။ အဲဒီနားက မြို့တို့ဘာညာပေါ့ ။ ငါတို့မြို့နားပဲ ငါတို့အိမ်ပြန်ချင်တာတောင် မပြန်ရဲဘူးပေါ့ဗျာ ။ အဲဒီလိုမျိုးအနေအထားတွေပေါ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article