35 C
Yangon

“လူထုတွေ ဘာမှ အားမငယ်ပါနဲ့၊ ဒီအချိန်ဟာ ကျနော်တို့ လုပ်စရာရှိတာ လုပ်ရမယ့် အချိန်ပဲ၊ ဒီတော်လှန်ရေးပေါ့ ကျနော်တို့ အဖိုးခေတ်မှာ စလာတာဟာ အခု မြေးခေတ်ကို ရောက်လာပြီ၊ ကျနော်တို့ အပြတ် တိုက်ရမယ့်ပွဲဖြစ်တယ်”

Must read

“လူထုတွေ ဘာမှ အားမငယ်ပါနဲ့၊ ဒီအချိန်ဟာ ကျနော်တို့ လုပ်စရာရှိတာ လုပ်ရမယ့် အချိန်ပဲ၊ ဒီတော်လှန်ရေးပေါ့ ကျနော်တို့ အဖိုးခေတ်မှာ စလာတာဟာ အခု မြေးခေတ်ကို ရောက်လာပြီ၊ ကျနော်တို့ အပြတ် တိုက်ရမယ့်ပွဲဖြစ်တယ်”

By ရန်ကုန်ခေတ်သစ်

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေးအတွက် တိုက်ပွဲဝင်သွားရန် ရှိနေကြောင်း KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစော‌တောနီးက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်က ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ စစ်ကောင်စီက KNU တပ်မဟာ ၆ လေးကေ့ကော်ဒေသကို အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေတယ်၊ တဖက်မှာလည်း တွေ့ဆုံညှိနှိုင်းဖို့ စကားခေါ်နေတာမျိုးရှိတော့ ဘယ်လို သုံးသပ်ချက်ပေးချင်ပါသလဲ။

စောတောနီး။ ။ ဒါမျိုးဟာ ဖြစ်လာပြီးမှ ပြောတာထက် မဖြစ်လာခင် ကြိုတင်ပြီးတော့ ဒါတွေမဖြစ်ဖို့ ကြိုပြီး ဆင်ဆင်ခြင်ခြင် လုပ်ဖို့တော့ လိုအပ်တယ်။ ငြိမ်းချမ်းရေးဆိုတာ ပါးစပ်ကပဲ ပြောလို့မရဘူး၊ ပါးစပ်ကပဲ ပြောပြီးတော့ စိတ်ရောကိုယ်ပါ တစ်ခုမှ မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးက လေထဲမှာပဲ ရှိမယ်။တကယ် အဲလို ဆွေးနွေးချင်တယ်ဆိုရင် အခု ရှိနေတဲ့ တပ်တွေ ရန်လိုနေတဲ့တပ်တွေ အားလုံး ဆုတ်ပေးပါ အဲဒါ ပထမအချက်၊ ဒုတိယအချက်အနေနဲ့ လူထုအပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်တာတွေ၊ လေယာဉ်နဲ့ ပစ်တာတွေ လုံးဝ မလုပ်ရဘူး။ဒါက လူသားချင်းစာနာမှုတွေကို လုံးဝ ဂရုမစိုက်ဘဲနဲ့ နိုင်ငံတကာအသိ အမှတ်ပြုထားတဲ့ ဥပဒေအားလုံးကို ချိုးဖောက်နေတဲ့အခါကျတော့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်ကို မထိဘဲနဲ့ လူထုကို သက်သက် ထိနေတဲ့အခါကျတော့ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့မရဘူး ခင်ဗျ။ သိတဲ့အတိုင်း ကျနော်တို့ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ နှစ်အတော်များများ ပါခဲ့တဲ့ လူတွေဆိုတော့ ဘာဖြစ်နေလဲဆိုတာ အူမချေးခါးအထိ အကုန်သိတယ်။ကျနော်ပြောချင်တာက ဒါမျိုးတကယ်လုပ်ချင်တယ်ဆိုရင် ပထမဆုံး ရန်လိုတဲ့ အပြုအမူတွေ ရပ်ပါ၊ ဒုတိယအချက်က ထွက်ပြေးတိမ်းရှောင်နေတဲ့ လူထုတွေ နေသားတကျဖြစ်အောင် လုံခြုံမှုပေးနိုင်တဲ့ နေရာတစ်ခုကို သတ်မှတ်ပေးဖို့လိုတယ်။ အဲဒါသူတို့ဆီမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျနော်တို့ ရခဲ့တဲ့တောက်လျှောက်အတွေ့အကြုံအရ သူတို့ဆီမှာ ရန်လိုတဲ့ အပြုအမူတွေပဲ တွေ့ ရတာ။ငြိမ်းချမ်းရေးစကားပြောရတာက သူတို့နဲ့ ပြောနေတာလည်း ဝ နေပြီ၊ နှစ်လည်း နည်းတော့တာ မဟုတ်ဘူး၊ အဲ့တော့ ပြောချင်တယ် ဆွေးနွေးချင်တယ်ဆိုရင် ကမ္ဘာ့ရှေ့မှောက်မှာ ကြီးကြပ်မှုအောက်မှာ သေသေချာချာ ပြောမှ ရမှာ။ သိတဲ့အတိုင်းပဲလေ သူတို့က တဖက်က ပါးစပ်ကနေ ငြိမ်းချမ်းရေးပြောပြီးတော့ မြေပြင်မှာလည်း စစ်တပ်တွေ တောက်လျှောက်ပို့လာတော့ တိုက်ပွဲတွေ ပျံ့နှံ့လာတာပေါ့။အခြား တပ်မဟာ ၅၊ ၁၊ ၃ တွေမှာလည်း နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေတာ။ ဆွေးနွေးရေးဆိုတာက NCA ရဲ့ အခြေခံမူတွေ အကုန်လုံးဖောက်ဖျက်ပြီးတော့မှ လုံးဝပျက်စီးအောင်လုပ်လိုက်တော့ ကျနော်တို့ လက်ခံစရာအကြောင်းမရှိတော့ဘူး၊ အဖွဲ့အားလုံးပါရမယ်၊ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး ပါရမယ်၊ ဘယ်သူ့ကိုမှ မချန်ထားရဘူး အဲဒါကို လက်ခံမှ ကျနော်တို့ ဆွေးနွေးမယ်၊ ဒါမှမဟုတ်ရင်တော့ ဆောရီးပဲ။

မေး။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးဆိုတာလည်း အား ကောင်းကောင်းနဲ့သွားနေတယ်၊ ကရင့်တော်လှန်ရေးဆိုရင်လည်း နှစ်ပေါင်းများစွာကြာနေပြီ ဒီလိုအချိန်မှာ အခြားတိုင်းရင်းသားတွေကိုရော ပြည်မကသူတွေကိုရော ဘယ်လို သတင်းစကား ပြောချင်လဲ။

စောတောနီး။ ။ ဒီလိုဖြစ်လာတယ်ဆိုတာလည်း ကျနော်တို့ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ အနေအထားမှာ ရှိပါတယ်၊ ကျနော်တို့ တော်လှန်ရေးသမိုင်းတလျှောက်မှာလည်း အလှည့်အပြောင်းတွေ အများကြီး ဖြစ်ခဲ့ပါတယ်၊ ၁၉၄၉ မှာတခါ၊ ၆၂ မှာ တခါ၊ ၈၈ မှာ တခါ၊ အခုနောက်ဆုံး ၂၀၂၁ မှာ တခါ။ဒါပေမယ့် ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အလှည့်အပြောင်းတွေက သေးသေးမွှားမွှားပဲလို့ ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ လူထုတစ်ရပ်လုံးက မပါဝင်ခဲ့ဘူး။ အခု ၂၀၂၁ မှာ ဖြစ်ခဲ့တဲ့ အလှည့်အပြောင်းမှာ အထူးသဖြင့် ဗမာလူမျိုးတွေဟာ ဒီအချက်မှာ ကောင်းကောင်းကြီး သဘောပေါက်လာတယ်လို့ ကျနော် ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကလည်း ဗမာလူမျိုးတွေနဲ့ ဟိုးငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့သူတွေဆိုတော့ သူတို့ရဲ့ စိတ်ထား၊ နားလည်မှု၊ နေပုံထိုင်ပုံကအစ အကုန်လုံး ကျနော်တို့ သိတယ်။အရင်နဲ့ အခုက အရမ်းကွာတယ်၊ ကျနော်ပြောချင်တာက အရင် ကျနော်တို့ ကျောင်းသားဘဝကဆို စကားပြောကြရင် ကရင်သူပုန်တွေ၊ ကရင်သောင်းကျန်းသူတွေ သုံးတယ်၊ ဒီနေ့ ဒီကာလမှာ ဗမာလူမျိုးတွေက ဒီလိုစကားမျိုး လုံးဝမပြောဘူးဆိုတာ ကျနော် ယုံကြည်တယ်၊ အလေးအနက်ယုံကြည်တယ်။ အခု အလှည့်အပြောင်းမှာ စစ်ကောင်စီက ဘယ်ကိုသွားနေလဲ၊ တသက်လုံး လူထုတွေကို ရန်သူလိုသတ်မှတ်ပြီးတော့ သူတို့ စစ်အာဏာရှင်စနစ်ကို ထာဝစဉ်ဖြစ်အောင်လုပ်နေတယ်ဆိုတာ လူထုတစ်ရပ်လုံးက နားလည်လာပြီခင်ဗျ၊အဲဒီမှာ လူထုကလည်း ကျနော်တို့ ကရင့်တော်လှန်ရေးကို အများကြီး နားလည်လာပြီးတော့ ဒီနေ့ ဒီအချိန်ခါမှာ ကျနော် တွက်ပြရရင် စစ်တပ်ဟာ နိုင်ငံတကာ သံခင်းတမံခင်းမှာရော၊ စီးပွားရေးမှာရော၊ နိုင်ငံရေးမှာရော၊ စည်းရုံးရေးမှာရော ကဏ္ဍပေါင်းစုံမှာ ကျနော်တို့နဲ့ မယှဉ်သာအောင် ဖြစ်နေပြီ၊ ဒါဟာ စိတ်ဓါတ်ရေးရာအရ အင်မတန် သာတဲ့အချက်ပါ။နောက် စစ်မြေပြင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်သားအခြေအနေတွေကို ကျနော် ကောင်းကောင်းသိတယ်၊ လူထုကလည်း သူတို့ကို လုံးဝ လက်မခံဘူး၊ မြေပြင်သတင်းလည်း သူတို့ ဘာမှ မရနိုင်ဘူး။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ တိုက်ပွဲသေးသေးလေးတွေမှာတောင် စစ်ကောင်စီ တပ်ရင်းမှူးရော တပ်ခွဲမှူးရော တစ်ပွဲတည်းမှာ ကျတာ ကျနော်တို့ အရင်က မကြားဖူးဘူး၊ ဒါမျိုးတွေတောင် ဖြစ်လာနေတဲ့အခါကျတော့ ပြောစရာစကားတောင်မရှိတော့ဘူး၊လူထုတွေ ဘာမှ အားမငယ်ပါနဲ့၊ ဒီအချိန်ဟာ ကျနော်တို့ လုပ်စရာရှိတာ လုပ်ရမယ့် အချိန်ပဲ၊ ဒီတော်လှန်ရေးပေါ့ ကျနော်တို့ အဖိုးခေတ်မှာ စလာတာဟာ အခု မြေးခေတ်ကို ရောက်လာပြီ၊ ကျနော်တို့ အပြတ် တိုက်ရမယ့်ပွဲဖြစ်တယ်၊ဒီအချိန် ဒီကာလမှ မတိုက်တော့ဘူးဆိုရင် ကျနော်တို့လူထုဟာ တသက်လုံး စစ်အာဏာရှင် အောက်မှာ ရောက်သွားမယ်။ ဒီပွဲဟာ ကျနော်တို့ ကရင်လူမျိုးတွေကိုတောင်မှ အလဲမထိုးနိုင်တဲ့ပွဲဟာ ဗမာလူမျိုးတွေတောင် ပါလာပြီဆိုတော့ ဒီပွဲက အရမ်းလှပြီဗျာ၊ ကျနော် ဒါပဲ ပြောချင်တယ်။

မေး။ ။ လေးကေ့ကော်ဒေသကို စစ်ကောင်စီက စဝင်လာတဲ့တုန်းက သူတို့ပြောတဲ့အကြောင်းပြချက်က KNU က လေးကေ့ကော်ဒေသမှာ PDF တွေ လက်ခံထားတယ်၊ လေ့ကျင့်ပေးနေတယ်ဆိုပြီး ဝင်လာတာပေါ့နော်၊ မြေပြင်မှာရော KNLA နဲ့ PDF တွေနဲ့ ဘယ်လိုမျိုး အမိန့်ပေးမှုပုံစံမျိုးတွေနဲ့ သွားနေလဲဗျ။

စောတောနီး။ ။ ဒီအပိုင်းကတော့ ကျနော်တို့က စစ်အာဏာရှင် ဆန့်ကျင်တဲ့သူတွေနဲ့ အတူ ရပ်တည်မယ်၊ သူတို့ကို လက်ခံမယ်ဆိုတာက ကျနော်တို့ ထုတ်ပြန်ချက်တွေလည်း လေးငါးကြိမ်လောက် ထုတ်ပြီးပါပြီ၊ အဲဒီအတိုင်းပဲ ရပ်တည်တယ်။သူတို့ကို လက်ခံတယ် စောင့်ရှောက်တယ်၊ တတ်နိုင်သလောက် ကူညီမယ်ဆိုတဲ့ဟာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခံယူချက်နဲ့ ရပ်တည်တယ်၊ ဒါ ကျနော်တို့ မူပေါ်လစီ ဖြစ်တယ်။ နောက်တစ်ခုက လာရောက်ခိုလှုံတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဟာ ခံစားခဲ့ရတာတွေ ပြင်းထန်တယ်၊မြို့ပေါ်မှာ သတ်ဖြတ်ခံနေရတာတွေက ကျနော် ရေတွက်လို့မရတော့ပါဘူး၊ အဲဒီအပေါ်မှာ သူတို့က ပြန်တုံ့ပြန်လိုတယ်၊ အဲဒီမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အသိတရားနဲ့ အတတ်ပညာလေးတွေကိုပဲ ကျနော်တို့ ပေးတယ်၊ တခြား ဘာမှ မပေးဘူး။ အဲဒီတော့ သူတို့ကလည်း ကျနော်တို့ သင်ပေးတဲ့ ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပြန်တုံ့ပြန်တာဖြစ်တယ်၊ အခြားဟာ ကျနော်တို့ ပြောလို့မရဘူးဗျ။

မေး။ ။ ဒီတပ်မဟာ ၆ ဟာဆိုရင် မြေပြင်အရ ကရင်လက်နက်ကိုင် ၄ ဖွဲ့လုံး တစုတဝေးထဲ တွေ့ရတဲ့ နေရာဖြစ်တယ်၊ စစ်ကောင်စီတပ်တွေရဲ့ အခု ထိုးစစ်ဆင်မှုမှာ KNU က ကရင်လက်နက်ကိုင်အဖွဲ့တွေကို စုစည်းပြီးတော့ ဘယ်လိုပြန်လုပ်ဖို့ရှိလဲ၊ ဘယ်လို စကားပြောထားတာရှိလဲ။

စောတောနီး။ ။ အဲဒါကတော့ ကျနော်တို့ ကရင်လက်နက်ကိုင်များပေါင်းစည်းရေးကော်မတီဆိုတာ ရှိထားပြီးသားပါ၊ ရံဖန်ရံခါ အခါအားလျော်စွာ ပြန်တွေ့တဲ့ အပိုင်းတွေရှိပါတယ်၊ ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ ဘယ်သူဟာ မှားတယ်၊ ဘယ်သူဟာ မှန်တယ်ဆိုတာ ပါးစပ်က ထုတ်မပြောပေမယ့် ကျနော်တို့ ကရင်အဖွဲ့တွေ စိတ်ထဲမှာ ရှိပြီးသားပါ။သူတို့လည်း ကောင်းကောင်းဆုံးဖြတ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါက စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်၊ ထုတ်ပြောဖို့မလိုတဲ့ ကိစ္စဖြစ်တယ်၊ ကျနော်တို့ အချင်းချင်းကိစ္စရပ်လည်း ဖြစ်တယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်က ကျနော်တို့ နယ်မြေတဂွင်လုံးကို သူတို့ လက်အောက် သွပ်သွင်းဖို့အတွက် ပြင်လာပြီဆိုတော့ ကျနော်တို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျနော်တို့ အစီအစဉ်ဆွဲဖို့ပဲ ကျန်တော့တယ်။မေး။ ။ KNU ကလည်း NCA ကို ထိုးထားတယ်၊ PPST ရဲ့အစည်းအဝေးတွေ လုပ်နေတာတွေရှိတယ်၊ တဖက်မှာလည်း စစ်အာဏာသိမ်းတော့ NCA ဆိုတာ ပျက်ပြယ်သွားပြီလို့ ဆိုတာတွေ ရှိတော့ KNU ရဲ့ သဘောထားက ဘယ်လိုရှိလဲဗျ။စောတာနီး။ ။ အထူးသဖြင့် PPST နဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောချင်ဘူး ခင်ဗျ။ သို့သော် NCA ထိုးတဲ့အထဲမှာ ကျနော်တို့ ပါခဲ့တော့ team တစ်ခုအနေနဲ့ ပေါ့နော် PPST ဆိုတာလည်း team တစ်ခုပါပဲ။ အဲဒီအစည်းအဝေးတွေမှာ ဝင်ချင်လည်းဝင်မယ်၊ ပါချင်လည်း ပါမယ်၊ မပါချင်လည်း မပါဘူး၊ ဒါကတော့ ကျနော်တို့ KNU အပေါ်မှာပဲ မူတည်တယ်။အဲဒါကြောင့်မို့ PPST လုပ်တဲ့ဟာတွေအားလုံးက ကျနော်တို့ ပါစရာအကြောင်းမရှိသလို အကုန်လုံးကို သိဖို့လည်း မလိုဘူး၊ ကျနော်တို့နဲ့ ဆိုင်တဲ့ဟာ ရှိသလို မဆိုင်တဲ့ဟာလည်း ရှိတယ်၊ အဲဒီအပိုင်းကို နားလည်ဖို့ လိုတယ်လေ။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ဒီကာလ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ကာလမှာ အဲဒီအဖွဲ့ထဲမှာ ရှိနေတဲ့ သဘောထားခံယူချက်တွေကလည်း အမျိုးမျိုးရှိနေတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ထူးထူးထွေထွေ ပြောစရာ မလိုဘူး၊ဒါပေမယ့် သေချာတာတစ်ခုကတော့ KNU အနေနဲ့ NCA ဆိုတာ စာချုပ်တစ်ခုပဲ ဖြစ်တယ်၊ ပျက်ပြယ်စရာအကြောင်းလည်းမရှိဘူး၊ နိုင်ငံတကာအသိသက်သေအောက်မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်တယ်။ သို့သော် ငြားလည်းပဲ ပြဿနာရှိတာက အဲဒီမှာ ဘာမှ အကောင်အထည်မဖော်ချင်တဲ့ စစ်တပ်ကနေပြီးတော့မှ ထော်လော်ကန့်လန့်ပြီးတော့ ကဏ္ဍကောစလုပ်လာတဲ့အခါမှ နောက်ဆုံး ဘာနဲ့ အဆုံးသတ်သွားလဲဆိုတော့ စစ်အာဏာသိမ်းတာနဲ့အဆုံးသတ်သွားတယ်၊ဒါက NCA အခြေခံမူဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ယဉ်ကျေးမှုအသစ်နဲ့သွားမယ်ဆိုတာကို လုံးဝဖောက်ဖျက်ပြီးတော့ စစ်အာဏာသိမ်းလိုက်တာ ဖြစ်တယ်၊ နောက် NCA မှာ အခန်းပေါင်း ၇ ခန်းရှိတယ်၊ ၇ ခန်းစလုံးကို လက်တွေ့အကောင်အထည်ဖော်တဲ့ဟာ တစ်ခုမှ မလုပ်ချင်ဘူး၊ လုပ်မယ်လို့ ကျနော်တို့ အားထုတ်တိုင်း အားထုတ်တိုင်း ဆန့်ကျင်ပြီးတော့ နောက်ဆုံး ထိပ်တိုက်တွေ့တယ်၊အထူးသဖြင့် ကျနော်တို့နယ်မြေမှာ ကားလမ်းဖောက်လာတဲ့ဟာတွေ၊ ဒါက လုံးဝ မလုပ်သင့်တဲ့ဟာတွေ။ အဲလိုအခြေအနေတွေ ဖြစ်လာတော့ ကျနော်တို့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တော့မလဲ။ အဲဒါကြောင့် NCA ဟာ စာချုပ်ပဲ ဖြစ်တယ်၊ အလုပ်လုံးဝမလုပ်တော့ဘူး၊ သေတယ်လို့ပြောလို့ မရပေမယ့် လေသင်တုန်းဖြတ်နေတဲ့ လူနာတစ်ယောက်လို လုံးဝ လှုပ်ရှားလို့ မရတော့တဲ့ အနေအထားမှာဖြစ်နေပြီ၊ လှုပ်ရှားဖို့လည်း အလားအလာ မရှိတော့ဘူး။အခုလက်ရှိမြင်နေတွေ့နေတဲ့ အခြေအနေတွေအရ၊ ကျနော်တို့ နယ်မြေထဲကို စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတာက လုံးဝ မလုပ်သင့်တဲ့ ဟာတွေပဲ။ ဒီလိုဖြစ်လာတဲ့ဟာတွေကျတော့ ကျနော်က ရှင်းရှင်းပဲ ပြောတယ် ကျနော်တို့ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းတစ်လမ်းကိုတော့ ကျနော်တို့ လုပ်ရတော့မယ်။စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့လူထုနဲ့ ကျနော်တို့ ပေါင်းစည်းသွားပြီးတော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့အပိုင်းမှာ လူထုကလည်း ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားလို့ ခံယူပြီးတော့ ရှေ့ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်လို့ ယုံကြည်တယ်၊ ဒါက ကျနော်တို့ KNU ရဲ့ ခံယူချက်ပဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article