30 C
Yangon

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ CNF မတက်၊ ပြည်သူဘက်ရပ်တည်သော တိုင်းရင်းသားလက်နက်ကိုင် အားလုံး မတက်သင့်ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီ ပြောဆို

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉

အကြမ်းဖက် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချင်းအမျိုးသားတပ်ဦး CNF/CNA အနေဖြင့် လုံးဝ လက်မခံကြောင်းနှင့် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားသည့် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီနှင့် လုံးဝဆွေးနွေးသွားမှာမဟုတ် ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုသည်။ပြည်သူဘက်တွင် ရပ်တည်သော တိုင်းရင်းသားလက်နက်ကိုင်အားလုံးအနေဖြင့် စစ်ကောင်စီက ဖိတ်ခေါ်သော ငြိမ်းချမ်းရေး‌ ဆွေးနွေးပွဲကို မတက်သင့်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ “စစ်ကောင်စီက ကမ်းလှမ်းထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး တက်တယ်ဆိုတာ ဒီနေ့ဒီအချိန် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လိုက်ရင် ပြည်သူ့တော်လှန်ရေး ဖြစ်နေတယ်၊ ပြည်သူဘက်ကနေ ရပ်တည်မယ်ဆိုရင် စစ်ကောင်စီက လုပ်တဲ့ ဟာတွေမှန်သမျှ ဘယ်လိုမှ မထောက်ခံသင့်ဘူး၊ သူတို့ ဖိတ်တာလည်း မတက်သင့်ဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်ဆိုရင် တက်တဲ့သူကတော့ တက်မှာပေါ့။ ကျနော်တို့ အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး၊ အာဏာသိမ်းပြီးကတည်းကိုက စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လုံးဝ မရှိဘူး။ သွားဖို့ လက်တွေ့မကျဘူး၊ သွားလည်း သွားတက်မှာ မဟုတ်ဘူး” ဟု ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။လက်ရှိအချိန်တွင် ချင်းပြည်နယ်ရှိ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်နှင့် ကန်ပက်လက်မြို့များတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းကာ Chinland Joint Defense Committee ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်နှင့် ပူးပေါင်းသူ မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အမြစ်ပြတ် တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ထားသည်။”CNF ရဲ့ ကမကထ ဦးစီးဦးဆောင်မှုနဲ့ CJDC ကို ကျနော်တို့ စစ်ရေးအရ ပူးပေါင်းဖွဲ့စည်းထားပါတယ်။ စစ်ရေးကို တအုပ်စု တဖွဲ့စီမဟုတ်ဘဲနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့၊ အင်အားကောင်းဖို့ CJDC ကို ဖွဲ့စည်းထားတာဖြစ်တယ်။ အဲဒီအောက်မှာပဲ ကျနော်တို့ နေရာဒေသအသီးသီးမှာ တပ်တွေဖြန့်ပြီးတော့ အင်အားတည်ဆောက်ရင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာပေါ့နော်။ ဒီနေ့ဒီအချိန်မှာ စစ်ရေးအရ ကျနော်တို့ အားလုံးက ခံစားချက်ချင်းအတူတူပါပဲ၊ သေအတူ ရှင်မကွာ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ချက်သည် သွေးရူးသွေးတန်း လျှောက်လုပ်ခြင်းသာ ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် လက်ရှိ စစ်ကောင်စီနှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုထားသည်။အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို AA ၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တက်ရန်မရှိဟု TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရွှေဖီမြေသတင်းဌာနကို ပြောဆိုထားပြီဖြစ်သည်။
ဓာတ်ပုံ- CNF ပြောခွင့်ရ ဆလိုင်းထက်နီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article