27 C
Yangon

တယ်လီနောမြန်မာကို စစ်တပ်နဲ့ နီးစပ်သူတွေဆီ လွဲပြောင်းရောင်းချမှု အရေး တကြီးရပ်တန့်ဖို့ နော်ဝေအစိုးရထံ JFM တောင်းဆို

Must read

ရန်ကုန် | ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံက တယ်လီနောမြန်မာ တယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းစုကို
မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို တစ်ဝက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဆီ ရောင်းချမယ့် လုပ်ရပ်ကို အရေးတကြီးရပ်တန့်ပေးဖို့အတွက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တယ်လီနော အနေနဲ့ အခုလိုရောင်းချမှုကို ဆက်လက်လုပ်ဆောင်ပါက နော်ဝေအစိုးရက ၅၃.၉၇ ရာခိုင်းနှုန်း ပိုင်ဆိုင်တဲ့ နော်ဝေတယ်လီကွန်း ကုမ္ပဏီတယ်လီနောအနေနဲ့ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေလည်း စစ်ရာဇဝတ်ကောင်တွေရဲ့ လက်ထဲကျရောက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ Justice For Myanmar ကဆိုပါတယ်။

တယ်လီနောကုမ္ပဏီရဲ့ ရောင်းချမှုမှာ စစ်ကောင်စီပါဝင်ပက်သက်နေပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် နှစ်ဦးလည်း ဒီဝယ်ယူမှုမှာပါဝင်ပက်သက်နေတယ်လို့ဆိုပါတယ်။

ဝယ်ယူမယ့် ရွှေဗျိုင်းဖြူခရိုနီစီးပွားရေးလုပ်ငန်းစုဟာ တယ်လီနောမြန်မာ ဖုန်းအော်ပရေတာရဲ့ အဓိကပိုင်ဆိုင်သူဖြစ်လာမှာဖြစ်ပြီး ရွှေဗျိုင်းဖြူဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တယ်လို့လည်း Justice For Myanmar ကဆိုပါတယ်။

ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုဟာ ယခင်စစ်အစိုးရလက်ထက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းနဲ့ရေနံကုန်သွယ်မှုလုပ်ဆောင်ဖို့ စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်(ဦးပိုင်) နဲ့အမြတ်ငွေခွဲဝေရေး သဘောတူစာချုပ် တစ်ရပ်လည်းချုပ်ဆိုခဲ့ဖူးပါတယ်။

တယ်လီနောမြန်မာ လုပ်ငန်းရောင်းချမှုကို လစ်ဘနွန်နိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပူးတွဲပိုင်ဆိုင်တဲ့ အငြင်းပွားဖွယ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group နဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ဆီ ရောင်းချဖို့ ပြီးခဲ့တဲ့လက စစ်ကောင်စီက သိုသိုသိပ်သိပ်ခွင့်ပြုပေးခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်အရသိရပါတယ်။

တယ်လီနောရဲ့ မြန်မာကုမ္ပဏီခွဲကို ဝယ်ယူရရှိမယ့် ကုမ္ပဏီအမည်ကို Investcom Myanmar လို့ အမည် ပေးထားပြီး အဆိုပါကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုမှာ စင်ကာပူနိုင်ငံလမ်းကြောင်းကလည်း အစိတ်အပိုင်းတစ်ရပ်ပါဝင်ဖွယ်ရှိတယ်လို့ Justice For Myanmarက ဆိုပါတယ်။

တယ်လီနောဘက်က အခုရောင်းချမှုမှာ ရွှေဗျိုင်းဖြူ ဒါမှမဟုတ် မည်သည့်တရားဝင် အဖွဲ့အစည်းဆီ ရောင်းချမယ်ဆိုတာကို အတည်ပြုဖို့ ငြင်းဆိုထားလို့ ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ JFM ရဲ့ထုတ်ပြန်မှုမှာဆိုထားပါတယ်။

JFM က ရရှိတဲ့သက်သေအထောက်အထားအသစ်တစ်ခုအရ တယ်လီနောက M1 နဲ့ ရောင်းဝယ်မှုမှာ ပိုင်ဆိုင်မှုကို ပြည်တွင်းကုမ္ပဏီတစ်ခုဆီ လွှဲပြောင်းပေးဖို့ ခွင့်ပြုထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ကော်မတီဆီ အောက်တိုဘာလက ပြောဆိုထားပါတယ်။

တယ်လီနောအနေနဲ့ စစ်တပ်ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုဆီ ရောင်းချတာကို သိလျက်နဲ့ အခြားတဖက်မှာလည်း M1 Group ကိုရောင်းချတာဖြစ်ကြောင်း ပြည်သူလူထုကို လှည့်စားဖော်ပြပြီး စစ်တပ်နဲ့အတူ ဖုံးဖိကွယ်ဝှက်မှုမှာပါဝင်နေတယ်လို့ ဆိုပါတယ်။

တယ်လီနောမြန်မာရောင်းချမှုမှာ စစ်ကောင်စီရဲ့ ကြားဝင်ပတ်သက်မှုတွေ၊ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်နေမှုတွေ၊ စစ်တပ်နဲ့ ရွှေဗျိုင်းဖြူတို့ရဲ့ နက်ရှိုင်းတဲ့စီးပွားရေးဆက်နွှယ်မှုတွေ၊ ရွှေဗျိုင်းဖြူဟာ တယ်လီကွန်းလုပ်ငန်းမှာ အတွေ့အကြုံမရှိဘူး ဆိုတဲ့အချက်တွေဟာ ရွှေဗျိုင်းဖြူကုမ္ပဏီအနေနဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ သွယ်ဝိုက်ပြီး ရှိနေနိုင်တာကို ညွန်ပြနေတယ်လို့ Justice For Myanmar ကသုံးသပ်ထားပါတယ်။

နော်ဝေနိုင်ငံဟာ ဥရောပစီးပွားရေးနယ်မြေအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂ (EU)ရဲ့ မြန်မာနိုင်ငံ ဒဏ်ခတ် ပိတ်ဆို့မှုများဆိုင်ရာလမ်းညွှန်ချက်တွေကိုလည်းလိုက်နာရမှာဖြစ်တာကြောင့် အခုလိုမြန်မာစစ်တပ်ကပါဝင်ပက်သက်နေတဲ့ တယ်လီနော်မြန်မာ လုပ်ငန်းစုရောင်းချမှုကို တာမြစ်ဖို့လိုတယ်လို့ လည်း Justice For Myanmar ကဆိုပါတယ်။

JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တယ်လီနောအနေနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းကိုရောင်းချဖို့ တရားမဝင်စစ်ကောင်စီနဲ့ ကြံရာပါပတ်သက်လုပ်ဆောင်နေတာ၊ ဝယ်ယူသူဘယ်သူ ဖြစ်တယ်ဆိုတာကို ဖုံးကွယ်နေတာက စိတ်ပျက်ဖွယ်ရာဖြစ်ပါတယ်။ တယ်လီနောရဲ့ တာဝန်မဲ့ရောင်းချမှုက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုတွေကို အားပေးထောက်ပံ့နေတဲ့ ကျည်ဆံတွေ၊ ဗုံးတွေနဲ့ ဂျတ်တိုက်လေယာဉ်လောင်စာဆီ တွေအတွက် ငွေကြေးအကူအညီတွေ ဖြစ်လာပါလိမ့်မယ်။တယ်လီနောအုပ်စုရဲ့ အများစုပိုင်ဆိုင်သူ နော်ဝေအစိုးရအနေနဲ့ အဲ့ဒီရောင်းချမှုကြောင့် ဖြစ်ပေါ်လာမယ့် ပြည်သူတွေအပေါ် ကြီးမားတဲ့ထိခိုက်ခံစားရမှုတွေအတွက် တာဝန်ရှိပါတယ်။ နော်ဝေအစိုးရအနေနဲ့ အဲ့ဒီရောင်းချမှုကို ချက်ချင်းရပ်တန့်ရပါမယ်၊ မြန်မာစစ်ကောင်စီနဲ့ တယ်လီနောရဲ့ အရောင်းအဝယ်ညှိနှိုင်းမှုတွေကို စုံစမ်းစစ်ဆေးရပါမယ်” လို့ ဆိုပါတယ်။

ဒီရောင်းချမှုကို မရပ်တန့်ဘူးဆိုရင် နော်ဝေအစိုးရဟာ အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ကြံရာပါတွေအဖြစ်ရှိနေလိမ့်မယ်လို့လည်း Justice For Myanmar အဖွဲ့ကဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article