28 C
Yangon

တယ်လီနောမြန်မာကို ဝယ်ယူမည့် ရွှေဗျိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌ ခရုနီသိန်းဝင်းဇော် စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ နက်ရှိုင်းစွာ ပတ်သက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

နော်ဝေ တယ်လီနောကုမ္ပဏီက တယ်လီနော မြန်မာကို စစ်ကောင်စီနှင့်ပတ်သက်နေသည့် ကုမ္ပဏီထံ ရောင်းချရန်စီစဉ်လျက်ရှိပြီး ယင်းလုပ်ငန်း ဝယ်ယူပိုင်ဆိုင်မည့် ရွှေဗျိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌ သိန်းဝင်းဇော်သည် စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ နက်ရှိုင်းစွာပတ်သက်နေကြောင်း Justice For Myanmar (JFM) က သတင်းထုတ်ပြန်သည်။ သိန်းဝင်းဇော် ထူထောင်ထားသော ရွှေဗျိုင်းဖြူ လုပ်ငန်းစုသည် လောင်စာဆီလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း ၊ ကျောက်စိမ်းနှင့် ရတနာ တူးဖော်ရေးလုပ်ငန်း၊ ပို့ဆောင်ရေး၊ ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို ၁၉၉၆ ခုနှစ် ယခင် စစ်အာဏာရှင်သန်းရွှေလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ရွှေဗျိုင်းဖြူ တည်ထောင်သူ အသက် ၅၉ နှစ်အရွယ် သိန်းဝင်းဇော်သည် စစ်တပ်နှင့် ထဲထဲဝင်ဝင် ပတ်သက်နေသော ခရိုနီစီးပွားရေးသမားတစ်ဦးဖြစ်သည်။ ရွှေဗျိုင်းဖြူသည် စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများစွာ ပူးတွဲလုပ်ကိုင်နေပြီး ၎င်းနှင့်ပူးတွဲလုပ်ကိုင်နေသည့် စစ်တပ်အဖွဲ့အစည်းနှှု့် လူပုဂ္ဂိုလ်များမှာလည်း အမေရိကန်၊ ဥရောပ ဗြိတိန် အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုများ ခံနေရသူများဖြစ်သည်။ရွှေဗျိုင်းဖြူသည် နော်ဝေအစိုးရပိုင် တယ်လီနောအုပ်စု၊ M1 Group နှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သော လျှို့ဝှက်သဘောတူညီချက်ဖြင့် တယ်လီနောမြန်မာ၏ ၈၀ ရာခိုင်နှုန်းကို ရယူရန် စီစဉ်လျက်ရှိသည်။ ရွှေ ဗျိုင်းဖြူကုမ္ပဏီသည် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း MPTA၏ မူလတည်ထောင်သူအဖွဲ့ဝင်ဖြစ်ပြီး ရွှေဗျိုင်းဖြူ ကုမ္ပဏီ ဥက္ကဋ္ဌ သိန်းဝင်းဇော်သည် MPTA ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သည်။MPTA သည် မြန်မာနိုင်ငံရှိ စက်သုံးဆီစျေးကွက်ကြီး ခြယ်လှယ်နေပြီး အဖွဲ့ဝင်များတွင် စစ်ဘက်ဆိုင်ရာလုပ်ငန်းစုများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)တို့ ပါဝင်ကြောင်း၊ ဦးပိုင်MEHLနှင့် စစ်တပ်လုပ်ငန်းစုများသည် ဥရောပ၊ ယူကေနှင့် အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုများခံနေရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက်လှုပ်ရှားမှုကို MPTA က လောင်စာနှင့်စက်သုံးဆီများ ထောက်ပံ့ကြောင်း၊ MPTA ဥက္ကဋ္ဌ တေဇသည် ယူကေနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူထားသူဖြစ်ကြောင်း သိရှိရသည်။ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်တပ် ဦးပိုင်နှင့်ပူးပေါင်း၍ စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးရေးနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိသည်။ သိန်းဝင်းဇော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော တေဇ၏သား ဖြိုးတေဇနှင့်အတူ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ရွှေဗျိုင်းဖြူသည် မဟာရိုးမ အများပိုင်ကုမ္ပဏီမှတစ်ဆင့် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။ ရွှေဗျိုင်းဖြူအုပ်စုသည် စစ်ကောင်စီလက်အောက်တွင် ရှိနေသော မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) နှင့်ဖက်စပ် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင်များ ရရှိထားသည်။ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်သိန်းဝင်းဇော်၏ ဇနီး ဒေါ်တင်လတ်မင်းသည် ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးသည့် သတ္တုဖွံ့ဖြိုးရေးဘဏ်၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။သတ္တုဖွံ့ဖြိုးရေးဘဏ်သည် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းက ထိန်းချုပ်ထားသော ကျောက်စိမ်းနှင့်ကျောက်မျက်လုပ်ငန်း ကဏ္ဍ နိုင်ငံတကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက် ပံ့ပိုးပေးနေသည်။ အဆိုပါဘဏ်သည် အမေရိကန်၊ ဗြိတိန်နှင့်ဥရောပတို့က ပိတ်ဆို့အရေးယူထားသော မြန်မာ့ကျောက်မျက် လုပ်ငန်းMGE အတွက် ဘဏ်ဝန်ဆောင်မှုပေးနေသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့မှု စည်းမျဉ်းများကို ချိုးဖောက်သည့် အန္တရာယ်ရှိနေသည်။ ထူးကျောက်မျက်ရတနာ လုပ်ငန်းသည် ထူးကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်ပြီး သတ္တုဖွံ့ဖြိုးရေးဘဏ်၏ အစုရှယ်ယာရှင်ဖြစ်သည်။ ထူးကုမ္ပဏီကို ဗြိတိန်က ပိတ်ဆို့ အရေးယူထားသည်။ သိန်းဝင်းဇော်၏ မိန်းမ တင်လတ်မင်းသည် စစ်တပ် ထိန်းချုပ်ထားသည့် သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်း (FPJVC) တွင် အစုရှယ်ယာရှင် တစ်ဦးဖြစ်သည်။ FPJVC ကို ဥရောပက ပိတ်ဆို့ အရေးယူထားသည်။Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ရွှေဗျိုင်းဖြူက ယခင်စစ်အစိုးရလက်ထက်၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းစု၊ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မြန်မာစစ်တပ်နဲ့ နက်ရှိုင်းစွာ ကာလရှည်ကြာ ဆက်ဆံရေးရှိတယ်။ သူတို့ ဝယ်ယူ ထိန်းချုပ်ဖို့ လုပ်နေတဲ့ တယ်လီနော မြန်မာမှာ မြန်မာပြည်သူ ၁၈ သန်းကျော်ရဲ့ အချက်အလက်တွေရှိနေပြီး ရွှေဗျိုင်းဖြူက ရယူဖို့ ကြိုးစားနေတာကို နော်ဝေအစိုးရက မျက်ကွယ်ပြုထားပါတယ်။ ဒါက စစ်တပ်ကို ခြေရာခံဖို့၊ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဂျာနယ်လစ်တွေကို ခြေရာခံဖို့ သူတို့သုံးနိုင်တဲ့ အစွမ်းထက်လက်နက်တစ်ခု ပေးအပ်ခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပိုမိုရှုပ်ထွေးစေပါတယ်။ တယ်လီနောမြန်မာကို ရောင်းချလိုက်ခြင်းက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတဲ့ ဆိုးရွားတဲ့အန္တရာယ်တွေကို ရှင်းရှင်းလင်းလင်း မြင်သာပါတယ်။တယ်လီနောအနေနဲ့ သူတို့ရဲ့ လက်ရှိလုပ်ဆောင်မှုဟာ လူ့အခွင့်အရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုကို အခြေခံထားတယ်ဆိုပြီးပြောဆိုနေတဲ့ လုပ်ကြံဖန်တီးမှုကို ရပ်တန့်ပြီး ရောင်းချမှုကို ချက်ချင်းရပ်ဆိုင်းရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article