32 C
Yangon

ဖလူးဒေသကို KNLA ပူးပေါင်းတပ် ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီက အကျအဆုံးများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဖလူးဒေသတွင် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကား ၃ စီးဖြင့် သေဆုံးဒဏ်ရာရ စစ်သားများကို ပြန်လည်သယ်ဆောင်ဆုတ်ခွာသွားပြီး လက်နက်ခဲယမ်းအချို့ကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ ဖလူးဒေသကို KNLA ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဖလူးလေးကျေးရွာထိပ်ရှိ လက်နက်ကြီးပစ်စခန်းကုန်း (ဘုရားကုန်း) အပါအဝင် ဖလူးကြီး၊ ဖလူးလေး ကျေးရွာဒေသများအား KNLA တပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများပြင်းထန်ပြီးနောက် ဖေဖေါ်ဝါရီလ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းဖြင့် ဖလူးဒေသသို့ လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ပွင့် အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ထက်မနည်းသေဆုံးကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၃ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဖလူးဒေသကို KNLA က ပြန်လည်သိမ်းပိုက်ထားသော်လည်း ၁ မိုင်ခန့်အကွာရှိ မင်းလက်ပံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ ရှိနေကြောင်း၊ ယမန်နေ့ ညအထိ မင်းလက်ပံကျေးရွာမှ ဖလူးဒေသဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ဖလူးလေးကျေးရွာရှိ DKBA ဗိုလ်စလုံးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁၆ ရက်တွင်မှ KNLA ပူးပေါင်းတပ်က ဖလူးဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article