31.9 C
Yangon

ဘီးလင်းဂိတ်တွင် Skin Care ပစ္စည်းကို သက်သေခံအဖြစ်သိမ်း၍ ဖမ်းဆီးခံရသော ခရီးသွား ကျောင်းသား ၉ ဦးနှင့်ကားသမား ၁ ဦးကို ထောင် ၁၂ နှစ်ချ၊ ထောင်ကားပေါ်တွင် တစ်လမ်းလုံး သွေးသစ္စာသီချင်းဆိုသွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းဂိတ်တွင် Skin Care ပစ္စည်းများကို သက်သေခံ အဖြစ်သိမ်းဆည်း၍ ဖမ်းဆီးခံခဲ့ရသော ခရီးသွား တက္ကသိုလ်ကျောင်းသား ၉ ဦးနှင့် ကားသမား ၁ ဦးကို ယနေ့ စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်‌ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်ပြည်နယ်၊ ဘီးလင်းဂိတ်တွင် သတ္တဗေဒ ပထမနှစ် ကျောင်းသား မောင်စောမင်းစိုး၊ ဇီ၀ဗေဒ ဒုတိယနှစ်ကျောင်းသား မောင်မင်းသူအောင်၊ စိတ်ပညာဒုတိယနှစ်ကျောင်းသား မောင်အောင်ကျော်မင်း၊ သမိုင်း ဒုတိယနှစ်ကျောင်းသား မောင်ရဲထွဋ်ခေါင်၊ မောင်စေမာန်မှူး၊ ဓာတု ဗေဒ ဒုတိယနှစ်ကျောင်းသား မောင်ဇော်ဝင်းထွဋ်၊ မြန်မာစာ ပထမနှစ်ကျောင်းသား ဟန်ဇော်မျိုး၊ သတ္တဗေဒ ပထမနှစ်ကျောင်းသား မျိုးမြန်မာအောင်၊ ဇီ၀ဗေဒ ပထမနှစ်ကျောင်းသား မောင်ချစ်ဝင်းထွန်း၊ ကားသမား ဦးဝင်းကိုကိုလတ်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၄ (ဂ)တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယနေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ” စစ်တပ်က ဘီးလင်းဂိတ်မှာ ဖမ်းတဲ့အချိန်မှာ ကျောင်းသားတွေဖြစ်တဲ့ ဒီကလေးတွေမှာဘာသက်သေမှရှာမတွေ့ပါဘူး။ သူတို့အိတ်ထဲskin care တွေပဲပါတယ်။ ဖုန်းထဲလဲဘာသက်သေမှမရှိပါဘူး။အဲဒါဒီနေ့ဘားအံခရိုင်တရားရုံး ထောင်ဒဏ် ၁၂ နှစ်စီ အမိန့်ချပါတယ်။ ကလေးတွေက တရားရုံးက အထွက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေအော်တော့ရဲတွေကသေနတ်နဲ့ချိန်ပြီး ထောင်ကားကိုမောင်းထွက်သွားပါတယ်။ လမ်းတစ်လျှောက်လုံးလည်း သွေးသစ္စာ သီချင်းကို ထောင်ကားပေါ်ကနေ အော်ပြီး ကလေးတွေက ဆိုသွားကြတယ်” ဟု ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။ လက်ရှိတွင် ကျောင်းသားများကို ဘားအံ တောင်ကလေးထောင်ထဲတွင် ဖမ်းဆီးထားပြီး ထောင်တွင်း ဖိနှိပ်မှုများကြုံတွေ့နေရကြောင်း၊ ထောင်းတွင်းတွင် နိုင်ငံ ရေးအကျဉ်းသားအများစုမှာ ထောက်ပံ့မည့် ထောင်ဝင်စာ ထောက်ပံ့ပေးမည့် မိသားစုမရှိကြကြောင်း၊ နိုင်ငံရေးအကျဉ်းသားအချင်းချင်း မထားလျှင် ကျောင်း သားများက ဆန္ဒပြမည်ဖြစ်ကြောင်း၊ ထောင်တွင်း သောက်သုံးရေနှင့်ချိုးရေးမှာလည်း ညစ်ပတ်နေပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ဝဲများပေါက်နေကြောင်း သိရှိရသည်။အကျဉ်းထောင်တွင် စာရွက်နှင့်ဘောပင် ပေးမသုံးကြောင်း၊ အကျဉ်းသား အခွင့် အရေး အပြည့်အ၀ မပေးလျှင် ထောင်တွင်းတွင် ကျောင်းသားများက ဆန္ဒပြမည် ဖြစ်ကြောင်း ၊ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းကို ထောင်တွင်း အခြေ အနေများ သိစေလိုကြောင်း အကျဉ်းကျခံနေရသည့် ကျောင်းသားများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article