31 C
Yangon

မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များ ယနေ့နံနက် ဝင်တိုက်၊ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဖယ်ခုံ PDF ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ဘီလူးချောင်းဘေးတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်ကြောင်းနှင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဆိုသည်။

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီစခန်းများမှ ယမန်နေ့တွင် မိုးဗြဲမြို့ပေါ်သို့ ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စည်ကား-၃ ရပ်ကွက်ရှိ အများပြည်သူနေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖယ်ခုံနှင့် မိုးဗြဲမြို့များသို့ ဖေဖေါ်ဝါရီလ ၁၅ ရက်မှစ၍ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာပြီး မြို့ပေါ် နေရာအနှံ့တွင် ကင်းပုန်းများချကာ တပ်စွဲထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

အဆိုပါ စစ်ကောင်စီကင်းပုန်းစခန်းများကို ကရင်နီတပ်ဖွဲ့များ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မိုးဗြဲ PDF က ပြောသည်။

လက်ရှိ မိုးဗြဲ၊ ဖယ်ခုံဒေသများတွင် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသခံများအနေဖြင့်လည်း လုံခြုံရေးသတိရှိကြရန် ပူးပေါင်းတပ်ဖွဲ့များမှ အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article