33 C
Yangon

ရွှေဘိုရှိ ဆိပ်ခွန်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ပစ်သတ်၊ ယင်းမာပင် ကျေးစာကျရွာကိုလည်း စီးနင်းနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေကြောင်း၊ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးထားပြီး ၂ ဦးသေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။

“မနက် ၆ နာရီလောက် ရွာရဲ့ အနောက်ဘက်ကနေ လက်နက်ကြီး ၆ချက် ၇ ချက်လောက် ထုပြီး ဝင်လာတာ။ အင်အား ၁၀၀ လာက် ရှိတယ်။ ဈေးဆိုင်က စားစရာတွေ ယူ ဖျက်ဆီးရိုက်ခွဲ၊ အိမ်တော်တော်များများလည်း အမွှေခံရတယ်။ ၁၀ ဦးခန့် ဖမ်းထားပြီး ၂ ဦးသေတယ်လို့လည်း ကြားတယ်” ဟု ထွက်ပြေးလာသည့် ဒေသခံများ ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် နံနက်ခင်း အစောပိုင်းတွင် ဝင်ရောက်လာသည့် အတွက် ပြည်သူအချို့မှာ ထွက်ပြေးရန် ပြင်ဆင်ချိန် မရလိုက်ဘဲ ရွာထဲရှိ အသက်အရွယ်ကြီးရင့်သူ အဘိုးအဘွားများအပါအဝင် အယောက် ၁၀၀ ဝန်းကျင်လောက် ပိတ်မိနေကြောင်း၊ စစ်ကောင်စီတပ်များသည် ရွာဝင်ပေါက်များကို အကုန်ပိတ်ထားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် ရွာကလေးရွာ အုပ်စုဖြစ်သည့် ဆိပ်ခွန်ကျေးရွာအပါအဝင် ဆိပ်သာ ၊နံ့သာ ၊ ဘိုတည်းကုန်းရွာများမှ ပြည်သူများမှ ထွက်ပြေးနေကြရပြီး ပိတ်မိနေသူများရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးစာကျရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယာတောလမ်းမှ သေနတ်များ ပစ်ဖောက်ကာ ကျေးရွာတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရဲခွေးတွေ စစ်ခွေးတွေ အင်အား ၆ဝလောက်နဲ့ ဝင်စီးနေတာ ရဲတပ်ရင်း ၂၈ ကနေ အုတ်တံတိုင်းကိုကျော်ပြီး ယာတောတွေထဲကနေ ဝင်လာတာ ကျေးရွာထဲကို ယာတောလမ်းကနေ ဝင်လာပြီး သေနတ်ပစ်ဖောက်တော့မှ ကျေးရွာသူ/သားတွေက ထွက်ပြေးတိမ်ရှောင်ကြရတဲ့အတွက် ကိုယ်လွှတ်ပဲ ပြေးခဲ့ကြရတယ်လို့ သိရတယ်။ လက်ရှိအချိန်ထိတော့ ကျေးရွာအတွင်းကို ပြန်မဝင်ရဲကျသေးဘူး။ ဘေးနားက ကျေးရွာတော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်” ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာခြင်းရှိမရှိ မသိရသည့်အတွင် ဒေသခံ ပြည်သူများလည်း ရွာအတွင်း၌ ပျက်စီးဆုံးရှုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article