ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “မန်၀င်းပေါက်နားက မူဆယ် မြ၀တီဘဏ်ကို လက်နက်ကိုင်အဖွဲ့က ဝင်ပစ်တယ်။ အဲဒါ စစ်သား ၁ ဦးနဲ့ စစ်တပ်ဘက်တော်သား ပြည်သူ့စစ် ၂ ဦး စုစုပေါင်း ၃ ဦးသေတယ်။ အခု မူဆယ်ဆေးရုံမှာ အလောင်းတွေ ရှိတယ်။ လက်နက်ကိုင် အဖွဲ့က ဘယ်အဖွဲ့လဲတော့မသိဘူး” ဟု မူဆယ်ဒေသခံတစ်ဦးကပြောသည်။ လက်ရှိ မူဆယ်တွင် စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကောင်စီဘက်တော်သား ပြည်သူ့စစ်များကလည်း လက်နက်များကိုင်ဆောင်လျက် ကင်းလှည့်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။