֎ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပယ်ဖျက်ပြီးဖြစ်၍ ဖက်ဒရယ်ပြည်ထောင်စု လမ်းပွင့်ပြီ
֎ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်ကို ပေါ့ပေါ့တန်တန် ပြောဆိုခဲ့မှု စိတ်မကောင်းဖြစ်ခဲ့ရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ပင်လုံစာချုပ်ပါ ပြည်ထောင်စု ပေါင်းစည်းရေး အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်ဦးရွက်ပြု တာဝန်ယူရမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး ပူးပေါင်းရန် KIA စစ်ဦးစီးချုပ်က တိုက်တွန်းပြောဆိုလိုက်သည်။ ယနေ့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပပြုလုပ်သည့် ၇၅ နှစ် မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားတွင် ၎င်းကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။ “ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို သာမက ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြရန် ခေါင်းဆောင်များ အကြား အပြန်အလှန်ကတိကဝတ်ပြုခဲ့ကြတဲ့ ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့အကောင်အထည်ပေါ်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ အခမ်းအနားက ရည်သန်ထားတဲ့ မူများကို အမှန်တကယ် ဖော်ဆောင်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလို ဖော်ဆောင်သွားနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူရမှာ ဖြစ်သလို တောင်တန်းဒေသနဲ့ တိုင်းရင်းသား အင်အားစုများကလည်း ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောဆိုသည်။ NUG အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပယ်ဖျက်ပြီးဖြစ်၍ ဖက်ဒရယ်ပြည်ထောင်စု လမ်းပွင့်ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ကာလ တိုင်းရင်းသားခေါင်းဆောင် ၅ ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံစဉ် ပင်လုံစာချုပ်ကို ပေါ့ပေါ့တန်တန် ပြောဆိုခဲ့မှု စိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ပြောဆိုသွားသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ၏ မိန့်ခွန်း အပြည့်အစုံကို ပြန်လည် ဖော်ပြလိုက်ပါသည်။ဗိုလ်ချုပ်ကြီးဂမ်ရှောင်KIO ဒုတိယဥက္ကဌ၊ KIA စစ်ဦးစီးချုပ်”ဒီနေ့ ကျင်းပတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီရဲ့ ကိုယ်စား မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ဦးစွာ ချီးမွမ်းဂုဏ်ပြုပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များ ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်များ ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့မှ ခေါင်းဆောင်များ ၊ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်များ မင်္ဂလာအပေါင်းနဲ့ ပြည်စုံပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီကနေ့ဟာ ရှမ်းပြည် ပင်လုံမြို့မှာ ရှမ်းခေါင်းဆောင်များ ၊ ချင်းခေါင်းဆောင်များ၊ ကချင်ခေါင်းဆောင်များနှင့် ဗမာလူမျိုးများရဲ့ ကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် ပင်လုံစာချုပ်ရေးထိုးခဲ့တဲ့ ၇၅ နှစ်ပြည့်မြောက် နေ့ထူး နေ့မြတ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သီးခြားအုပ်ချုပ်ရေးနယ်မြေအဖြစ် တည်ရှိနေတဲ့ တောင်တန်းဒေသကို အကြိမ်ကြိမ်အခါခါ သွားရောက်ကာ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးကို အတူတကွ ရယူရန် စည်းရုံးခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လွတ်လပ်ရေးကို အတူတကွ ရယူပြီးနောက်မှာ ရှမ်းပြည်၊ ချင်းတောင်တန်း၊ ကချင်တောင်တန်းနဲ့ ဗမာပြည်မ ပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံသစ် ထူထောင်သွားရန် ထပ်မံစည်းရုံးလှုံ့ဆော်ခဲ့တယ်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအဖြစ် ပါဝင်ကြရန် အကြိမ်ကြိမ်အလီလီ ကတိကဝတ်ပေးပြီး စည်းရုံးပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်နယ်များရဲ့ ရပိုင်ခွင့် အခွင့်အရေး ၊ လူမျိုးရေးအရ လွှမ်းမိုးခြင်း မရှိရေး အာမခံပြုမူနှင့် ပြည်ထောင်စုမှ ခွဲထွက်ခွင့် စတဲ့ ကတိကဝတ်ပြောဆိုမှုကြောင့် တောင်တန်းဒေသခေါင်းဆောင်များဟာ ပင်လုံစာချုပ်မှာ ယုံကြည်မှုအပြည့်အဝနဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်လို့ ပြောဆိုရာမှာ စာချုပ်ပါ အကြောင်းအရာ အချက်အလက်ကိုသာ မကဘဲ ဗိုလ်ချုပ်အောင်ဆန်း နှုတ်ဖြင့် ပြောဆိုခဲ့တဲ့ မှတ်တမ်းများကိုလည်း ထည့်သွင်းပေါင်းစပ်ထားရန် လိုအပ်ပါတယ်။ ပင်လုံစာချုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တဲ့ နိုင်ငံရေးကတိကဝတ် ပြုမှုအပေါ် ယုံကြည်ကိုးစားတဲ့ တောင်တန်းဒေသများရဲ့ နိုင်ငံရေး စွန့်စားမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးအတူတကွ ရယူပြီးနောက် ပေါ်ထွန်းလာတဲ့ ပြည်ထောင်စုအစိုးရအဆက်ဆက်ဟာ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်ကို ဥပေက္ခာပြုပစ်ပယ်ခဲ့ကြတာကို ဝမ်းနည်းစွာ မြင်တွေ့ခဲ့ရပါတယ်။ ပင်လုံစာချုပ်ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်သယောင်ယောင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် အရေးပါသည့် စာချုပ်ဖြစ်သယောင်ယောင် စတဲ့ နိုင်ငံရေး သမိုင်းတည်ဆောက်ပြီး နှစ်ပေါင်း ၇၀ ကျော် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ရဲ့ အနှစ်သာရကို ဖျောက်ဖျက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပင်လုံစာချုပ် ပင်လုံကတိကဝတ်ဆိုတာ တိုင်းရင်းသားနဲ့သာ ပတ်သက်တယ်၊ တို့ ဗမာလူမျိုးနဲ့ မဆိုင်ဘူး ဆိုပြီး သဘောထားရှိတဲ့ ဗမာလူမျိုးများလည်း ရှိခဲ့ကြတယ်။ တောင်တန်းနယ် တိုင်းရင်းသားများ ပင်လုံစာချုပ်အရေး ပြောဆိုလာသော်လည်း တိုင်းရင်းသားတွေဟာ အခွင့်အရေးတောင်းဆိုမှုပဲ ရှိတယ်။ ပေးဖို့ မစဉ်းစားကြဘူးဆိုပြီး အမြင်မကြည်လင်မှုများ ဖြစ်ပွားခဲ့ကြရတယ်။ ယခုလက်ရှိ စစ်ကောင်စီ ဦးစီးဆောင်ရွက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကိုလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပနေတာ မြင်တွေ့ရဆဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ဟာ ပြည်ထောင်စုဝင် နယ်မြေများနဲ့ ဖက်ဒရယ် unit များ တန်းတူအခွင့်အရေးရရှိပိုင်ခွင့် ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ထောင်နိုင်ရေးကို အပြည့်အဝယုံကြည်ကြကာ တောင်တန်းသားများ စိတ်ဓာတ်သဘောထား ဖြူစင်စွာဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စု ပဋိညာဉ် စာချုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်က ပင်လုံစာချုပ်ကို ပစ်ပယ်ထားခဲ့ပေမယ့် ကျွန်တော်တို့ တောင်တန်းဒေသ တိုင်းရင်းသားများက ပင်လုံစာချုပ် ပင်လုံကတိကဝတ်ကို ယနေ့ မျက်မှောက်ကာလအထိ တန်ဖိုး ထားဆဲ ၊ ဆွဲကိုင်ဆဲ ဖြစ်တယ်။ အမှန်တကယ်လည်း ပင်လုံစာချုပ်ပါ သဘောတူညီချက်နဲ့ ညီညွတ်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မျှော်မှန်းကာ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ လေးစားအပ်တဲ့ ခေါင်းဆောင်များ ခင်ဗျာ၊ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ပြဿနာကို ရင်ဆိုင်ခဲ့ရတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ အနိဌာရုံကြောင့် နိုင်ငံဟာလည်း အဆင်းရဲဆုံး စာရင်းဝင်ခဲ့ရပြီး ပြည်သူအများ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ ဒုက္ခ အကျပ်အတည်းပေါင်းများစွာ ခံစားရကာ စစ်ရဲ့ အနိဌာရုံကို ကြုံတွေ့ရပြီး ဖြစ်တယ်။ အထူးသဖြင့် ၂၀၂၀ ခုနှစ် အထိ တောင်တန်းဒေသနဲ့ ဌာနေတိုင်းရင်းသားများဟာ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကို ခါးသည်းစွာ ခံစားခဲ့ရပါတယ်။ အစိုးရအဆက်ဆက်ဟာလည်း ငြိမ်းချမ်းရေးကို ပုံစံ အမျိုးမျိုးနဲ့ ပုံဖော်ပြီး အပေါ်ယံဖြေရှင်းရန်သာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်ခြင်းရဲ့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းလိုတဲ့ စိတ်သဘောထားမရှိခဲ့တဲ့ အတွက် ပြည်တွင်းစစ်မီး ပိုမို တောက်လောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်တန်းဒေသနဲ့ တိုင်းရင်းသားများဟာ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တာဝန်ယူဖြေရှင်းပေးနိုင်မယ့် အစိုးရကို မျှော်မှန်းနေခဲ့တာလည်း နှစ်ပေါင်း ၇၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရကာ အရပ်သား အစိုးရဖွဲ့စည်းခဲ့တဲ့ NLD အစိုးရကိုလည်း နိုင်ငံရေးပြဿနာ ဖြေရှင်းပေးနိုင်ရေးအတွက် မျှော်လင့်တကြီးရှိခဲ့ပါတယ်။ ဒါကြောင့် UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင် ငါးဦးဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ပင်လုံသဘောတူညီချက်ဟာ ယေဘုယျသဘောဆန်ပါတယ်၊ တိတိကျကျရယ်လို့တော့ မဟုတ်ဘူး။ ရှမ်း၊ ကချင်၊ ချင်း ၊ ဗမာပဲ ပါတယ်။ ပင်လုံစာချုပ်က ကျဉ်းလွန်းတယ်။ ပင်လုံစိတ်ဓာတ်လို့ ပြောတာဟာ ပူးပေါင်းဆက်ဆံရေးပဲ ဖြစ်တဲ့အတွက် ပင်လုံစိတ်ဓာတ်ပဲ ယူရမယ် ဆိုပြီး ပေါ့ပေါ့တန်တန်ပြောဆိုခဲ့တာကို စိတ်မကောင်းစွာ ကြားသိခဲ့ရပါတယ်။ ပိုမိုကျယ်ပြန့်ဖို့လိုအပ်တယ်လို့ ပြောဆိုပြီးတဲ့နောက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပသွားခဲ့ပါတယ်။ ဒါဟာ ပင်လုံစာချုပ် ပင်လုံကတိကဝတ်ရဲ့ အနှစ်သာရကို ပျက်ပျယ်စေမယ့် နိုင်ငံရေးအခင်းအကျင်းဖြစ်တယ်လို့ မှတ်ယူနိုင်တယ်။ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ် မရေးထိုးတဲ့ အဖွဲ့ကို တန်းတူညီတူ အခွင့်အရေး ပေးလို့ မရဘူး။ အဲဒါတစ်ခုကတော့ သတ်မှတ်ချက်ဖြစ်တယ်။ အကောင်းဆုံးကတော့ NCA လက်မှတ်ထိုးပြီး ဝင်ကြပါ။ လက်မှတ်မထိုးဘဲနဲ့ တက်ရအောင် လုပ်ပေးပါဆိုရင် ဒါကတော့ မတရားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာ ပြောဆိုခဲ့တယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲ အခမ်းအနားမှာ UNFC က တင်သွင်းတဲ့ ပင်လုံစာချုပ်အပေါ်အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မူဟာ အဓိပ္ပာယ်မဲ့ ဖြစ်ခဲ့ရတယ်။ အခုတော့ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကလည်း တစ်ခန်းရပ်သွားပြီလို့ ပြောနိုင်ပါပြီ။ ယနေ့ အခမ်းအနားမှာ တက်ရောက်နေတဲ့ ခေါင်းဆောင်များ အနေနဲ့ကလည်း ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးအပေါ်မှာ ပြတ်သားတဲ့ သဘောထားရှိဖို့ လိုအပ်မှာ ဖြစ်ကြောင်း တိုက်တွန်းလိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်ရဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ထွန်းလာတဲ့ နိုင်ငံရေး အခင်းအကျင်းဟာ သမိုင်းတစ်ပတ်လည်ကာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်တယ်လို့ မှတ်ယူနိုင်ပါပြီ။ တောင်တန်းဒေသနေ တိုင်းရင်းသာ လူမျိုးများသာ မက မြေပြန့်ဒေသနေ လူဦးရေး အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသား လူမျိုးများကလည်း အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး မြင်တွေ့ရပြီ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းပွင့်နေပြီလို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်အစိုးရအဆက်ဆက် ဖက်ဒရယ်မူကို ခွဲထွက်ရေးဖြစ်တယ်၊ နိုင်ငံ ပြိုကွဲစေတဲ့ မူ ဖြစ်တယ်ဆိုပြီး နိုင်ငံရေးအာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲကာ အကာအကွယ်ယူခဲ့ကြပါတယ်။ ယခုချိန်မှာ NUG အစိုးရနဲ့ NUCC က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပယ်ဖျက်ကြောင်း အတိအလင်းကြေညာခဲ့ပြီး ဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံ ချက်ရှိနေပြီ ဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲ အတွက်လည်း လမ်းပွင့်သွားပြီလို့ မှတ်ယူနိုင်မှာ ဖြစ်ပါတယ်။ လေးစားအပ်တဲ့ ခေါင်းဆောင်များ ခင်ဗျာ၊ အစိုးရအဆက်ဆက်ဟာ ပင်လုံစာချုပ် ပင်လုံကတိကဝတ်ရဲ့ အနှစ်သာရကို ဖုံးကွယ်ထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ ဦးတည်ချက်နဲ့ အယောင်ဆောင်ပြည်ထောင်စုနဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြတယ်။ ဒါဟာ တောင်တန်းနယ်တိုင်းရင်းသားများကို ကိုလိုနီ ကျွန်အဖြစ် သတ်မှတ်ပြုမူခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အမျိုးသား ညီညွတ်ရေးအစိုးရ ဦးစီးကျင်းပတဲ့ အခမ်းအနားမှာတော့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရများ ဖြစ်တဲ့ ဒီမိုကရေစီ အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များကို ရှင်သန်ရေးမူများကို ရည်သန်ပြီး ကျင်းပပြုလုပ်တဲ့အတွက် ဒီကနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို သာမက ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြရန် ခေါင်းဆောင်များ အကြား အပြန်အလှန်ကတိကဝတ်ပြုခဲ့ကြတဲ့ ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့အကောင်အထည်ပေါ်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ အခမ်းအနားက ရည်သန်ထားတဲ့ မူများကို အမှန်တကယ် ဖော်ဆောင်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလို ဖော်ဆောင်သွားနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူရမှာ ဖြစ်သလို တောင်တန်းဒေသနဲ့ တိုင်းရင်းသား အင်အားစုများကလည်း ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ရည်မှန်းချက် ပန်းတိုင်ချမှတ်ထားကာ ကြိုးပမ်းနေကြတဲ့ အစုအဖွဲ့များ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည် အထိ အားသွန်ခွန်စိုက် ဆောင်ရွက်ရပါမယ်။ တူညီတဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ တော်လှန်ရေး အောင်မြင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံရေး ရည်မှန်းချက် တူညီတဲ့ တော်လှန်ရေး အင်အားစုများ ပူးပေါင်းလာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ရပ်ထားရှိဖို့ လိုအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ကာလကြာရှည်နေပြီးဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းသွားစေမယ့် နိုင်ငံရေးဖြေရှင်းရေးကို ဖော်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်တယ်။ မြန်မာနိုင်ငံကို မတူကွဲပြားတဲ့ အစုအဖွဲ့များ နယ်မြေများဖြင့် စုစည်းပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာမှာ ပြည်ထောင်စုမှာ ပါဝင်ကြတဲ့ ဖက်ဒရယ် unit များရဲ့ အခွင့်အရေးကို သတ်သတ်မှတ်မှတ် ပြဌာန်းပေးဖို့ လိုအပ်မှာ ဖြစ်တယ်။ ယခုအချိန်မှာ လူမျိုးပျောက်ကွယ်သွားရန် နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင် အစိုးရ အဆက်ဆက်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတဲ့ လူနည်းစုတိုင်းရင်းသားများအတွက် နိုင်ငံရေး အာမခံချက်ရှိပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ပြန်လည်ရရှိရေးအတွက် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်ကိုက်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”။
ဓာတ်ပုံ- KIO ဒုတိယဥက္ကဋ္ဌ၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်။
Photo – Kachin News