ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
တယ်လီနောမြန်မာကို အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သတ်ဆက်နွှယ်မှု မကင်းတဲ့ စီးပွားရေးလုပ်ငန်းစုထံ ရောင်းချမှာကို ရပ်ဆိုင်းပေးဖို့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီရဲ့ ဥက္ကဌ ဆစ်ဗီ ဘရက်ဂ် ဆီကို မြန်မာနဲ့ နိုင်ငံတကာက လူမှုအဖွဲ့အစည်းပေါင်း ၆၀၀ကျော်နဲ့ တယ်လီနောသုံးစွဲသူတွေက ဒီကနေ့မှာ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။
တယ်လီနောက ရောင်းချမယ့် မြန်မာစီးပွားရေးလုပ်ငန်းစု Investcom ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့် အဆိုပါကုမ္ပဏီတဆင့် ၁၈သန်းကျော်ရှိတဲ့ တယ်လီနောမြန်မာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ထဲကိုရောက်ရှိသွားနိုင်ပြီး ဒါဟာမြန်မာပြည်က တယ်လီနော သုံးစွဲသူတွေရဲ့ အသက်ကိုပါ ထိပါးနိုင်တဲ့ အန္တရာယ်ရှိလာစေမယ့် အခြေအနေဖြစ်လို့ ဒီလိုရောင်းချမှုဟာ သင့်လျော်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ရောင်းချမှုကိုရပ်တန့်ဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၆၉၄ ဖွဲ့လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်တောင်းဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစတင်လို့ တယ်လီနောမြန်မာကို စစ်အုပ်စုလက်ဝေခံကုမ္ပဏီဆီ ရောင်းချတာဖို့ ပြင်ဆင်နေတာကို ကန့်ကွက်တဲ့ သဘောထားကောက်ယူမှု လက်မှတ်ထိုးလှုပ်ရှားမှုတစ်ခုကိုပြု့လုပ်ခဲ့ရာမှာ ငါးရက်အတွင်း လက်မှတ်၂သိန်း၄သောင်းရရှိခဲ့ပြီး အဆိုပါကန့်ကွက်လွှာကို တယ်လီနော ဥက္ကဌနဲ့ အမှုဆောင်အရာရှိဆီ ပေးပို့ဖို့ အခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက် နေ့ကစပြီး မတရားအာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုအောက်မှာ ဖိနှိပ်မှုမျိုးစုံ ကြုံနေရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ၊ ပစ်သတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာ၊ လိင်အကြမ်းဖက်မှု ကျူးလွန်တာ၊ ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ သိမ်းယူတာတွေ အပါအဝင် ဖိနှိပ်မှုမျိုးစုံ ပြုမူနေတာတွေကို မှတ်တမ်းတွေရယူပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဆီ တင်ပြထားတယ်လို့ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေအောက်မှာ လက်ရှိအချိန်အထိ ဖမ်းဆီးနှိပ်စက်ခံနေရသူ သောင်းဂဏန်းကျော်ရှိပြီး ကလေးသူငယ်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေ အသက်ပေးသွားရတာကို လူကြီးမင်းအနေနဲ့ သိရှိလိမ့်မယ်လို့ တယ်လီနောကုမ္ပဏီ CEO ဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အလားတူ အာဏာသိမ်းစစ်ကောင်စီဟာ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေ လုပ်ဆောင်တာတွေတင်မကဘဲ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တာတွေ၊ သတင်းရပိုင်ခွင့် ကန့်သတ်တာတွေ၊ အင်တာနက်အသုံးပြု့မှု ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၁နှစ်တာ ကာလအတွင်း အလုံးစုံအင်တာနက် ဖြတ်တောက်တာ၊ နေရာဒေသ အကန့်အသတ်နဲ့ဟန့်တားတာ၊ အသုံးမပြု့စေလိုတဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ပိတ်ပင်နှောက်ယှက်တာ၊ အင်တာနက်စျေးနှုန်း တိုးမြှင့်တာတွေအပါအဝင် ဥပဒေအမျိုးမျိုး ပြင်ဆင်ပြဌာန်းပြီး ဒစ်ဂျစ်တယ်အာဏာသိမ်းမှုကိုလည်း ခိုင်မာအောင် လုပ်ဆောင်ခဲ့တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကဆိုပါတယ်။
အင်တာနက်အသုံးပြုတာတွေ ပိုမိုကန့်သတ်ခံရတဲ့ကာလမှာ အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်နေတဲ့ မိုင်တဲလ်ဆက်သွယ်ရေးကို ပြည်သူတွေသပိတ်မှောက်ခဲ့ပြီး နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေကို လေးစားတယ်လို့ ယူဆထားတဲ့ တယ်လီနောမြန်မာရဲ့ ဝန်ဆောင်မှုတွေကို မြန်မာပြည်သူ သုံးစွဲသူအများစုက ယုံကြည်ခဲ့ကြတယ်လို့လည်း ပေးစာမှာဖော်ပြထားပါတယ်။
ဒါပေမယ့် တယ်လီနော်မြန်မာလုပ်ငန်းစုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို သိနေပေမယ့် ပြည်သူလူထုရဲ့ ယုံကြည်မှုကို လျစ်လျှူရှုပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပထမဆုံးဆုံး ဖြတ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ခဲ့တာကြောင့် စိတ်ပျက်ဖွယ်ကောင်းတယ်လို့လည်း လူမှုအဖွဲ့အစည်းတွေရဲ့ ပေးပို့စာမှာ ရေးသားထားပါတယ်။
တယ်လီနောမြန်မာကို ယုံကြည်စိတ်ချစွာ သုံးစွဲခဲ့တဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ၊ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အသုံးပြုမှုဆိုင်ရာ မှတ်တမ်းတွေအပါအဝင် Mobile Banking အသုံးပြုမှုဆိုင်ရာ အချက်အလက်တွေကို ရောင်းချမှုမှာ ဘယ်လိုထည့်သွင်းထားတယ်၊ ဒါမှမဟုတ် ဘယ်လိုအကာအကွယ် ပေးထားတယ်ဆိုတဲ့အချက်ကို တယ်လီနောမြန်မာအနေနဲ့ သုံးစွဲသူတွေကို ရှင်းလင်းအောင် ထုတ်ဖော်ပြောကြားထားတာ မရှိဘူးလို့လည်း ဆိုပါတယ်။
တစ်ကယ်လို့ ရောင်းချမှုအတည်ဖြစ်ခဲ့ရင် တယ်လီနောသုံးစွဲသူ မြန်မာပြည်သူ ၁၈သန်းကျော်ရဲ့ ယုံကြည်မှုကို လျစ်လျူရှုခံရရုံသာမကဘဲ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးစွဲသူအပေါ် ထားရှိရမယ့်ကျင့်ဝတ်တွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ လေးစားလိုက်နာရမယ့် ဥပဒေတွေကို ဖောက်ဖျက်တဲ့ လုပ်ဆောင်ချက် ဖြစ်လိမ့်မယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေကဆိုပါတယ်။
တယ်လီနောစီးပွားရေးလုပ်ငန်းစုရဲ့ အစုရှယ်ယာ ထက်ဝက်ကျော်ကို နော်ဝေအစိုးရက ပိုင်ဆိုင်ထားတာကြောင့် တယ်လီနောမြန်မာကို ရောင်းချဖို့ဆုံးဖြတ်ချက်ဟာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမကဘဲ နော်ဝေအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးလည်း ထိခိုက်စေမယ်လို့ ဆိုပါတယ်။
ဒါကြောင့် တယ်လီနော ကုမ္ပဏီဥက္ကဌအနေနဲ့ ကုမ္ပဏီရဲ့ နာမည်ကောင်း ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမကဘဲ နော်ဝေအစိုးရရဲ့ အရှက်ရဖွယ် သမိုင်းအမဲစက်ပုံရိပ်ကို ရှောင်လွှဲနိုင်စေဖို့ တယ်လီနောမြန်မာ လုပ်ငန်းစု ရောင်းချမှု ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် အခုလို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာလို့ မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ သုံးစွဲသူတွေရဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။