ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ တမူးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS) အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် တမူး PDF တပ်ရင်း ၄၊ တပ်ရင်း ၂၊ BSO၊ ABSDF ပူးပေါင်းတပ်ဖွဲ့များကြား ဖေဖေါ်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးကြောင်း တမူး PDF တပ်ရင်း ၄ TSG က သတင်းထုတ်ပြန်သည်။
တမူး-ကလေးလမ်းပေါ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း GTHS ဝန်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တမူး PDF တပ်ရင်း ၄ က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ ဖေဖေါ်ဝါရီလ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်မှ ၄ နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ဖေဖေါ်ဝါရီလ ၁၇ ရက်တွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အကြိမ်ရေ ၅၀ ထက်မနည်းပစ်ခတ်ခဲ့ကာ နေ့လယ် ၁၂ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း၊ တမူး PDF တပ်ရင်း ၄ နှင့်အတူ တပ်ရင်း ၂၊ BSO၊ ABSDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရကြောင်း တမူး PDF တပ်ရင်း ၄ က ဆိုသည်။
အဆိုပါ တိုက်ပွဲများတွင် တမူး PDF တပ်ဖွဲ့ဝင်အချို့ မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – တမူး PDF တပ်ရင်း ၄ နှင့် BSO တပ်ဖွဲ့ဝင်များ