27 C
Yangon

ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၅

CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊ ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့် ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်း ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန် ထားပြီဖြစ်သည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ Asia Sun Energy ကုမ္ပဏီက လေယာဉ်ဆီ Jet Fuelများကို ဆီသယ်ယာဉ် ၃ စီးဖြင့် သယ်ယူပြီး မှော်ဘီလေတပ်စခန်းသို့ ပို့ဆောင်ခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article