28 C
Yangon

လေတပ်၏ ပထမဆုံးသော CDM ဗိုလ်ကြီး ဇေသူအောင်နှင့် ဆက်သွယ် မေး မြန်းချက် (အပိုင်း ၁)

Must read

By ရန်ကုန်ခေတ်သစ်

နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်အုပ်၏ အုပ်လေသူရဲဖြစ်သူ ဗိုလ်ကြီးဇေသူအောင်သည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံ မိသားစုနှင့်အတူ CDM ပြုလုပ်ကာ ပြည်သူနှင့် ပူး ပေါင်း ခဲ့သည်။

စစ်သက် ၁၇ နှစ်ကျော်ဖြင့် CDM ပြုလုပ်လာသူ လေတပ် ဗိုလ်ကြီး ဇေသူ အောင် သည် လေတပ်၏ ပထမဦးဆုံးသော CDM အရာရှိတစ်ဦးဖြစ်သည်။

မေး။ ။ ဗိုလ်ကြီးဇေသူအောင်က စစ်တပ်မှာ လုပ်သက်က ၁၇ နှစ်ရှိနေပြီ၊ အခုဆို CDM လုပ်လာတယ်ဆိုတော့ ဘယ်လိုဆုံးဖြတ်ချက်နဲ့ လုပ်တာလဲ၊ ဘယ်လိုတွန်းအားတွေ ရှိလဲ။

ဖြေ။ ။ အဓိကတွန်းအားက ကျနော်တို့ ပြည်သူတွေပေါ့၊ ဥပမာပြောရရင် စစ်ကိုင်းနဲ့ ထန်တလန်လို ပြဿနာတွေ ပေါ့၊ အရင်ကတည်းက မကြိုက် တာတော့ မကြိုက်ဘူး။

ပြည်သူတွေ ဒုက္ခရောက်တာတွေက ဆက် တိုက်ဖြစ်လာပြီ၊ ကျနော်တို့အနေနဲ့ ဒီဟာကြီးကို ဒီအတိုင်းပဲ ဆက်ပြီးသွားမယ်၊ ဒီအတိုင်းပဲ ကိုယ်လို လူမျိုး တွေ ချည်း ပဲ ဆက်ပြီးနေသွားမယ်ဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။

လူတွေ ဒီတိုင်းပဲ ဒုက္ခတွေ အများကြီး ရောက်ကြတော့မှာ။ ပြီးတော့ ပြည်တွင်း စစ်အနေနဲ့ဆိုရင်လည်း ကျနော်တို့ နယ်က ပတ်ဝန်းကျင်တွေမှာလည်း အဆက် အသွယ်တွေရှိတယ်၊ သူတို့ဘာတွေလုပ်နေလဲဆိုတာ သိတယ်။

အဲလိုဆိုတော့ သူတို့ရဲ့ ယုံကြည်ချက်တွေ ခံယူချက်တွေကိုလည်း ကျနော် နားလည်တယ်။

ကျနော်တို့တွေ အခုလိုမျိုး ထွက်လာမှပဲ ရှင်းရှင်းပြာရင် ကျနော်တို့လို လူတွေ များများထွက်လာမှ ဒီတိုက်ပွဲဟာ ထိခိုက်မှုနည်းနည်းနဲ့ ပြီးဆုံးမှာဖြစ်တယ်။

ကျနော်တို့ အရင်ကတည်းက မထွက်လာခဲ့ဘူးဆိုတာက ကျနော်တို့မှာ ဆွဲထား တဲ့ဟာတွေ ရှိတယ်။ ပတ်ဝန်းကျင်တွေ၊ မိသားစုတွေ၊ နောက် ကျနော်ကလည်း ဒီထဲမှာ အကြာကြီးနေခဲ့တာ ဖြစ်တဲ့အတွက် ထွက်လာဖို့ဆိုတာက အများကြီး စဉ်းစားရတာပေါ့။

နောက် ကျနော်တို့ ထွက်လာပြီးရင် နယ်တွေမှာ ကျန်ခဲ့တဲ့ ကျနော်တို့ မိသားစု တွေ ဘယ်လိုပြဿနာတွေ ဖြစ်လာမလဲ၊ အဲဒါမျိုးတွေ အများကြီးတွေးရတယ်၊ အဲဒါကြောင့်မို့လည်း ကျနော် လာတဲ့အချိန်မှာ ကျနော့်သားရော အမျိုးသမီးရော ပါလာတယ်။

မေး။ ။ အခု CDM လုပ်ပြီး ပြည်သူနဲ့အတူ ရပ်တည်လိုက်တော့ အခု ရောက် နေတဲ့ နေရာမှာရော ဗိုလ်ကြီး နေရထိုင်ရတာ အဆင်ပြေလား၊ ဘယ်လို ခံစား ရလဲ။

ဖြေ။ ။ ပြေပါတယ် ခင်ဗျ၊ ဒီမှာက အကုန်လုံးက ဝိုင်းပြီး ကူညီပေးကြတယ်၊ လက်ရှိ နေသားကျနေပြီလို့ ပြောလို့ရတယ်၊ မတူညီတဲ့ဒေသကို ရောက်ပြီး မတူညီ တဲ့လူတွေနဲ့ နေရတာမှာ ကြာလာတာနဲ့အမျှ အကုန်လုံးက ဖော်ဖော် ရွှေရွှေ ဆက်ဆံတယ်၊ ရောက်လာတဲ့ နှစ်ပတ်လောက်အတွင်းမှာ မိသားစု လိုတောင် ဖြစ်နေပြီ။

မေး။ ။ လေတပ်မှာ အင်အားက ဘယ်လောက်လောက်ရှိလဲ။ နမ့်စန် လေတပ် စခန်းက တပ်ကြပ်ကြီးတွေနဲ့ကရော တသုတ်တည်း ထွက် လာတာလား။

ဖြေ။ ။ လေတပ်မှာ အင်အားက ခန့်မှန်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ လောက်ပါပဲ။ တသုတ်တည်းတော့ မဟုတ်ဘူး၊ သီးခြားပါ။ ဒါပေမယ့် အခု သူတို့နဲ့လည်း အဆက် အသွယ်ရှိပါတယ်။ လက်ရှိ စနစ်တခုကို တော်လှန်နေကြတဲ့အထဲမှာ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်နိုင်ဖို့ သူတို့နဲ့အတူတူ ချိတ်ဆက်ပြီးတော့မှ၊ နောက်ပြီး လို့ရှိရင် ဗိုလ်ကြီးညီသုတတို့ရဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ထဲမှာ ပါဝင် လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။

မေး။ ။ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အခုဆိုရင် ရက်တွေဆက်တိုက် လေကြောင်းကနေတိုက်ခိုက်နေတယ်၊ တိုက်ခိုက်မှုတွေမှာ ရွာတွေ စစ်ရှောင် စခန်းတွေ ထိခိုက်မှုတွေရှိနေတယ်။ ကချင်ဘက်မှာတို့ ကိုးကန့် ရှမ်း မြောက် ဘက်မှာတို့ တိုက်ပွဲတွေမှာဆို လေကြောင်းက ပစ်တာ အောက်က စစ်သား တွေကို ပြန်ထိတယ်ပေါ့၊ အဲဒါ လေသူရဲတွေက CDM လုပ်တာလား။

ဖြေ။ ။ ကျနော့်အမြင်အရက အောက်က ပေးတဲ့ မြေပုံအညွှန်းမှားတာ ဖြစ်နိုင် တယ်၊ နောက်တချက်က ဗုံးကျဲတယ်ဆိုတာမှာ အမြင့်ပေ အနိမ့်ဆုံးထိ ဆင်းပြီး ဗုံးချမယ်ဆိုရင် ပစ်မှတ်ကို ထိနိုင်ခြေများတယ်၊ ဒါပေမယ့် ပိုင်းလော့က သူ့ရဲ့ Safety ကို အရမ်းယူပြီးတော့ အမြင့်ကိုပျံပြီးမှ ချရင် ပစ်မှတ်ကို ထိနိုင်ခြေ နည်းပါတယ်။

ကျနော့်အမြင်ကတော့ အောက်ကနေ ပစ်တာတွေကြောင့် အနိမ့်ကို သိပ်မ ဆင်းဘဲ ချတာမို့ လွဲတာလည်း ဖြစ်နိုင်သလို မြေပြင်တပ်မှူးတွေ ပေးတဲ့ မြေပုံ အညွှန်းမှားတာလား၊ အညွှန်းကို အမှားကြီး တမင်ပေးတာလား ဖြစ်နိုင်ပါတယ်။

အဲဒါကတော့ မောင်းတဲ့ ပိုင်းလော့ပေါ်မှာပဲ မူတည်မယ် ထင်တယ်။ ဘာကြောင့် လဲ ဆိုတော့ တိုက်ပွဲဧရိယာ အရမ်းကပ်နေတယ်ဆိုရင် လေယာဉ် Speed က အရမ်းမြန် တဲ့အချိန်မှာ သူ ဆုံးဖြတ်ချက်ချတာက နည်းနည်းလွဲရင် အောက်မှာ ပေ ၃၀၀ ပေ ၄၀၀ လွဲသွားမှာဖြစ်တယ်။ အဲလို လွဲလို့ ကျတာလည်း ဖြစ်နိုင် တယ်၊ ဒါမှမဟုတ်ရင်လည်း သူကိုယ်တိုင်က ချ ချင်လို့ ချ တာလည်း ဖြစ်နိုင် တယ်။

မေး။ ။ တိုက်ပွဲတွေမှာ ဘယ်လိုအခြေအနေတွေမှာ လေကြောင်း ပစ်ကူ ပေး ရတာလဲ။

ဖြေ။ ။ အဲဒီလုပ်ဆောင်ချက်ကတော့ ရှေ့တန်းမှာတိုက်နေတဲ့ စစ်ကြောင်းမှူး တွေ ခြေလျင်တပ်ရင်းမှူးတွေက အကယ်၍ မနိုင်တော့ဘူးဆိုရင် လက်နက်ကြီး ပစ်ကူတောင်းတယ်၊ မနိုင်တော့ဘူးဆိုရင် တိုင်းမှူးတွေ ကစထမှူးတွေ Area Commander တွေကို recommend တောင်းတယ်ပေါ့။

တောင်းရင် ပေးမယ် မပေးဘူးဆိုတာကို တိုင်းမှူးတွေက ဆုံးဖြတ်တယ်၊ ပြီးရင် လေတပ်ကို ဖုန်းဆက်တယ်၊ မြေပုံအညွှန်းပေးတယ်၊ ပြီးရင် အပေါ်ကနေ ပစ်တာပေါ့။

သွားပစ်ပြီဆိုရင် လေသူရဲတွေနဲ့ ခြေလျင်တပ်မှူးတွေ ဆက်သွယ်ဖို့ Airbag တွေ ပါတယ်၊ သူက မြေပြင်နဲ့ ဝေဟင်ကို ငါးမိုင်အတွင်း ချိတ်ဆက်နိုင်တယ်ပေါ့။ အဲဒီမှာ ချိတ်ဆက်ပြီးတော့မှ ပစ်ရမယ့် ဧရိယာတွေကို ပြတယ်ပေါ့။

မေး။ ။ ဖေဖေါ်ဝါရီ ၂၇ ရက် မနက်အစောကြီးနဲ့ ၂၈ ရက်တွေမှာ ဒီးမော့ဆို အနောက်ဘက်က လိုဘာခိုကျေးရွာကို ဗုံးကျဲတယ်၊ အဲဒီနေရာမှာ တိုက်ပွဲ လည်း မရှိဘူး။ ဘာဖြစ်လို့ ကျဲတာလဲ။

ဖြေ။ ။ ကျနော့်သုံးသပ်ချက်အရက ဒီဟာက MPA (ကင်းထောက်လေယာဉ်) သုံးတာပေါ့၊ ညမှာဆိုရင် MPA (ကင်းထောက်လေယာဉ်) တက်တယ်၊ ATR 42 နဲ့ လုပ်တာ။ အဲဒါက လူရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပေ ၁၀,၀၀၀ ပေ ၁၅,၀၀၀ က နေ အာရုံခံတာပေါ့။

အဲဒါက ဥပမာ လူတွေအများကြီး အုံနေတာမျိုး၊ ထိုင်နေတာမျိုးဆို မြင်ရတယ်။ အဲဒါကို ရန်သူ့စခန်းလို့ မြင်သွားတာမျိုး ဖြစ်နိုင်တယ်၊ အဲလို သတင်း အချက် အလက်ပေးလိုက်ပြီးတော့ လာကျဲတာပေါ့။ အဲဒါက ဖြစ်နိုင် ခြေ အများဆုံးပါ။

မေး။ ။ အဲလို ခန္ဓာကိုယ်အပူချိန်နဲ့ လိုက်ပြီး ဗုံးကျဲတာဆိုရင် ရွာတွေမှာဆိုလည်း လူစုနေတာပဲလေ၊ အဲလိုလူစုနေတိုင်း ဗုံးကျဲတယ်ဆိုရင် ရွာတွေလည်း အန္တရာယ် ရှိတာပေါ့။

ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့ ဧရိယာမှာဆိုရင် အဲလို MPA လေယာဉ်တွေက ၆ နာရီ လောက်ထိ ပတ်နေလို့ရတယ်၊ သူတို့ သံသယရှိတဲ့ နေရာတွေမှာ ပတ်ရှာ တယ်ပေါ့။

ဥပမာ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာဆို များသောအားဖြင့် စစ်ဘေးရှောင်တွေက ထွက်သွားကြတယ်။ အဲဒါကို အဲလိုနေရာတွေကို ရန်သူ့တပ်ရင်းလို့ ထင်ကောင်း ထင်နိုင်တယ်၊ အဲဒါမျိုးထင်ပြီး ကျဲတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။ ။ ဘယ်လိုအချိန် ဘယ်တိုက်ပွဲမှာ ဘယ်အချိန်မှာ တိုက်လေယာဉ် သုံးလဲ၊ ရဟတ်ယာဉ် သုံးလဲ။ ဘယ်အချိန်တွေမှာ ဗုံးကျဲလဲ၊ ဘယ်အချိန်တွေမှာ ဒုံးကျည် နဲ့ ပစ်လဲ။

ဖြေ။ ။ တိုက်ပွဲဧရိယာ အရမ်းကျဉ်းတယ်၊ ရန်သူနဲ့ အရမ်းကပ်နေပြီဆိုရင် Mi35p ကို အများဆုံးသုံးတယ်။ ရန်သူတွေက တပ်ကို ပတ်လည်ဝိုင်းထားပြီ၊ ပိတ်ဆို့ထားပြီဆိုတဲ့ အချိန်မှာ yak-130 ရော MiG-29 ရော A5 ရော A8 တွေရော အကုန်သုံးတယ်။

ရန်သူက ပတ်လည်ဝိုင်းထားပြီ၊ ခြေလျင်တပ်ရင်းတွေက တခါတလေ စားစရာ သောက်စရာ မရှိတော့တဲ့ အချိန်တွေမှာဆိုရင် Mi-17 နဲ့ ရိက္ခာတွေ တင်ပြီး ပို့တယ်ပေါ့၊ ဘေးမှာ Mi35p ၂ စီး သို့မဟုတ် ၄ စီးက ဘေးပတ်လည် ရန်သူ ရှိနိုင်တဲ့နေရာမျိုးတွေကို ပစ်ခတ်ပေးရတယ်။

အခုနောက်ပိုင်းမှာဆိုရင် တပ်တွေ ရွှေ့မယ်ဆိုရင် Mi-17 နဲ့ တင်ပြီး ရွှေ့တာ တွေ ရှိပါတယ်။ အဲဒီမှာ မလုံခြုံဘူးထင်ရင် Mi35p တွေ ပါလာမယ်ပေါ့။ အခု နောက်ပိုင်း ကရင်နီမှာ နယ်မြေတွေ မစိုးမိုးနိုင်ဘူးဆို ဗုံးတွေ ကျဲတယ်ပေါ့၊ အခုနောက်ပိုင်းမှာဆို MPA တွေ ညဖက်ကို တောက်လျှောက်တက်တယ်ပေါ့။ ကောင်းကင်မှာ လေကြောင်းစိုးမိုးမှုယူပြီး အမြဲကြည့်တယ်ပေါ့။

မေး။ ။ နန်းမယ်ခုံမှာ ကျဲတဲ့ ဗုံးတွေက ဘယ်လိုအမျိုးအစားလဲဗျ။ အခုဆိုရင် ဖေဖေါ်ဝါရီ ၁၄ ရက်ကတည်းက ပစ်နေတာ အခုထိဆို ၁၃ ရက် ကျော် လောက်ကို လေကြောင်းကနေ တောက်လျှောက် ပစ်နေတာ။ အင်အား အလွန်အကျွံ သုံးတယ် အဲဒါကို ရှင်းပြပေးပါဦး။

ဖြေ။ ။ အဓိကကတော့ ခြေလျင်တပ်တွေ မထိုးနိုင်တော့ သွားမယ့်နေရာတွေကို တောက်လျှောက် ဗုံးကျဲတာပေါ့။ ဒုံးကျည်ဆို သူ့ရဲ့ သက်ရောက်မှုက မီတာ ၁၀၀ ပတ်လည် လောက်ပဲ ရှိတာပေါ့။ ထိရောက်မှု နည်းတာပေါ့။ ဗုံးက ကျတော့ ဧရိယာကျယ်တယ်၊ နောက် ဗုံးကွဲသွားလို့ရှိရင် အသံလှိုင်းတွေက အရမ်းပြင်းတယ်။

ဘေးပတ်လည် မီတာ ၅၀၀ လောက်အတွင်းမှာ ရှိရင် နားစည်တွေ ထိတာတို့၊ ယိုတာတို့၊ နှာခေါင်းသွေးလျှံတာတို့ ဖြစ်နိုင်တယ်။ ရှင်းရှင်းပြောရင် ရန်သူ ရှိနိုင်တဲ့ ဧရိယာတွေမှာ ဗုံးတွေ ကျဲတာပေါ့။ ဗုံးအမျိုးအစားက ပေါင် ၅၀၀ ဗုံးတွေ သုံးတာ များပါတယ်။

မေး။ ။ စစ်ကိုင်း၊ ရေမျက်ကြီးအင်းမှာ ပျက်ကျသွားတဲ့ တံတားဦး ကနေ တက် သွားတဲ့ တိုက်လေယာဉ်က လေ့ကျင့်ပျံသန်းနေတာလား ဒါမှမဟုတ် သွားပစ်တုန်း ပျက်တာလားဗျ။

ဖြေ။ ။ အဲဒီဘက် ဧရိယာက လေ့ကျင့်ဧရိယာဆိုတော့ လေ့ကျင့်ရင်းနဲ့ ပျက်ကျ သွားတာ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကျနော့် အယူအဆပါ၊ အဲဒီလေယာဉ် ပျက်ကျတဲ့အချိန်မှာ ကျနော်က ဒီဘက်ကို ရောက်နေပြီဆိုတော့လေ အတိ အကျတော့ မသိဘူး။

ပုံမှန်ဆိုရင်တော့ ကျနော်တို့က နေ့စဉ်စစ်ဆေးမှုတွေလုပ်ရတယ်၊ မပျံသန်းခင် စစ်ဆေးမှု၊ ပျံသန်းပြီး စစ်ဆေးမှုတွေ လုပ်ရတယ်။ တရက်မှာဆိုရင် ဒီသုံးမျိုးက လေယာဉ် Crew တွေတိုင်း လုပ်ရတာပေါ့။ အခုနောက်ပိုင်းမှာက ဘာဖြစ်လာ လဲဆိုတော့ တပ်ရဲ့ လုံခြုံရေးတွေကိုပါ အပြည့်အဝ ယူလာရတော့ နေ့စဉ်ပုံမှန် လေယာဉ်တွေကို Maintenance(ပြင်ဆင်ထိန်းသိမ်းမှု) မလုပ်နိုင်တော့ လေယာဉ် တွေ ပျက်ကျလာတာမျိုးတွေ အလားအလာတွေ အများကြီး ရှိလာမယ်လို့ သုံးသပ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article