27 C
Yangon

နှစ်ရက်အတွင်း ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇၅ ဦး ကျော် သေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ၁ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၆

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား မတ်လ ၅ ရက်နေ့နှင့် မတ်လ ၆ ရက်နေ့ တိုက်ပွဲများတွင် စစ်သား ၇၅ ဦး ကျော် သေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး KDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီးမော့ဆို၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကျောက်ဆည်ကန်တိုက်ပွဲသည် ယနေ့ နံနက်အစောပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကရင်နီတပ်မတော် KA၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ JPDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြသည်။

ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိကြောင်း ကရင်နီတပ်ဖွဲ့များထံမှ သိရှိရသည်။

မြေပြင်တပ်သားများ အသေအဆုံးများသဖြင့် စစ်ကောင်စီသည် ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်သို့ လေကြောင်းမှတဆင့် ၆ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆို PDF ၁ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း မြေပြင်သတင်းရရှိသည်။

မတ်လ ၅ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူးလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် ယမန်နေ့တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနှင့် KGZ ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးကြောင်း DMO-local PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို ခုခံစစ်ဆင်နွှဲရာတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ပွဲဝင်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တွင်လည်း စစ်ကြောင်း ထပ်မံ ထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ တစ်နေကုန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှီခဲ့ကြောင်း၊ CTU နည်းပညာတပ်၏ ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article