ရန်ကုန်၊ မတ် ၉
ကရင်အမျိုးသားအစည်အရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသတွင် လွန်ခဲ့သည့် ရက်ပိုင်းများမှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ယနေ့ မတ်လ ၉ ရက်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
“တိုက်ပွဲက ပြင်းတယ်၊ မနက် ၁၁ နာရီခွဲကနေ စဖြစ်တာ၊ အခု ရဟတ်ယာဉ် ၃ စီးနဲ့ လာပစ်နေတယ်၊ အကျအဆုံးတော့ မသိရသေးဘူး” ဟု KNLA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သည့်နေရာမှာ လေးကေ့ကော်မြို့သစ်၊ မင်းလက်ပံကျေးရွာနှင့် ရသေ့ဂူကျေးရွာများကြား ဖြစ်ကြောင်းလည်း သိရှိရသည်။
လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ၃ လခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သောင်းချီသော ဒေသခံများ စစ်ရှောင်နေကြရပြီး မတ်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။
မတ်လ ၇ ရက်နေ့တွင် KNU တပ်မဟာ ၆ က အရှေ့တောင်တိုင်းဌာနချုပ်ထံ အသိပေးစာပေးပို့ခဲ့ပြီး အဆိုပါစာတွင် ကရင်အမျိုးသားပြည်သူလူထု၏ ရင်ဆိုင်နေရသော ဒုက္ခများနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကူညီဖြေရှင်းရန် KNU တွင် တာဝန်ရှိကြောင်း၊ ပြည်သူများ အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများရှိ စစ်ကောင်စီတပ်ဖွဲ့များ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာရန်အသိပေးကြောင်း ပါရှိသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး