ရန်ကုန်၊ မတ် ၉
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၁၁ရပ်ကွက် ရန်ကြီးအောင်လမ်းရှိ စစ်ကောင်စီ တပ်ဖွဲ့များ တပ်ဆွဲရန် စီစဉ်ထားသော ကြံ့ခိုင်ရေးရုံးကို ရန်ကုန်မြို့ပြ ပျောက်ကြား တပ်ဖွဲ့ ၂ဖွဲ့က လက်ပစ်ဗုံး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များ ထိခိုက် သေဆုံးမှုရှိနိုင်သော်လည်း အခြေအနေကို မသိရှိရသေးကြောင်း Yangon Federal Army -Y.F.A က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့များဖြစ်သည့် Yangon Federal Army -Y.F.Aနှင့် CGF-YGN တို့က ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနောက်ပိုင်း အမှတ် ၉ ရပ်ကွက် စနေမမှတ်တိုင် ဘားအံလမ်းမပေါ်ရှိ ကျော်ကြီး- ဆိုင်ကယ် ဆိုင်အား ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ From Zero To Hero အဖွဲ့က မတ်လ ၈ရက်နေ့ ည ၉နာရီ ၄၅မိနစ်ခန့်တွင် ဗုံးတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘားအံလမ်းမပေါ်ရှိ ကျော်ကြီး-ဆိုင်ကယ် ဆိုင်သည် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်အဖြစ် ကူညီထောက်ပံ့မှုများ ပြုလုပ်ပြီး ပြည်သူများ အပေါ် ဒုက္ခမျိုးစုံပေးနေသည့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းဘားအံလမ်းနှင့် မကွေးလမ်းဒေါင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့များ ကင်းပုန်းချထားသည့် တိုက်အနီးကို From Zero To Hero တပ်ဖွဲ့က ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း From Zero To Hero တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း တာမွေမြို့နယ် ကျားကွက်သစ်လမ်းနှင့် ဓမ္မဝိဟာရ လမ်းထိပ်တွင် မတ်လ ၉ရက်နေ့ မွန်းလွဲ ၁နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ပြုုလုပ်နေပြေီး ထိခိုက်သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၀ ရွေးကောက်ပွဲကာလ ရွှေပြည်သာမြို့နယ် ကြံ့ဖွတ်ရုံး။