ရန်ကုန်၊ မတ် ၉
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ မဘသ ဘုန်းကြီး နန္ဒစာရ ခေါင်းဆောင်သည့် ပျူစောထီး အဖွဲ့ကို မတ်လ ၉ရက်နေ့ ည ၁၂နာရီကျော်ခန့်တွင် PDF မဟာမိတ်ညီနောင် ၅ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး အဖွဲ့ဝင် ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ ပျူစောထီး အဖွဲ့များသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ချိန်၌ ကံကြီးကုန်း ကျေးရွာရှိ NLD ပါတီ ထောက်ခံသူများ၏ နေအိမ်များကို မီးရှို့ကာ အကာကွယ်လုပ်၍ ထွက်ပြေးသွားသော်လည်း ကာကွယ်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခြင်းကြောင့် ပျူစောထီး အဖွဲ့ဝင် ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထို ပျူစောထီးအဖွဲ့ များကို စစ်ကူရန် နံနက် ၄နာရီခန့်တွင် မုံရွာမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကား ၃စီးဖြင့် ကံကြီးကုန် ကျေးရွာသို့ လာရောက်ခြင်းကြောင့် PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကားများ ရောက်ရှိလာချိန်တွင် ပျူစောထီးအဖွဲ့များနှင့် စစ်သားများက ယာကြီးတောကျေးရွာ၊ဝယာ ကျေးရွာနှင့် ဆီပုဂံကျေးရွာတို့ကို နံနက်ပိုင်းက စတင်ကာ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ထိ မီးရှို့ဖျက်ဆီးပြီးနောက် ကံကြီးကုန်းရွာကို ပြန်ဝင် ရောက်သွား ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။