ရန်ကုန်၊ မတ် ၁၀
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂျပန်အစိုးရနဲ့ ENEOS တို့ဟာ စစ်တပ်ရဲ့ အဓိက ဝင်ငွေအရင်းမြစ်ကြီးဖြစ်တဲ့ ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းကနေ နှုတ်ထွက်ဖို့ မဆုံးဖြတ်ရသေးပါဘူး။
မကြာသေးမီကာလတုန်းကတော့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Mitsubishi Corporation အနေနဲ့ အဆိုပါ စီမံကိန်းက ထွက်ခွာဖို့ ရွေးချယ်ခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အခြားသော နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ မြန်မာပြည်မှ ၄င်းတို့ရဲ့လုပ်ငန်းတွေ ရုတ်သိမ်းထွက်ခွာတဲ့အခါ မြန်မာပြည်တွင်း လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကြောင့် နှုတ်ထွက်တာဖြစ်ကြောင်း ကြေညာလေ့ရှိပေမယ့် Mitsubishi ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မဟုတ်ဘဲ ၎င်းတို့ရဲ့ အမြတ်အစွန်းထိခိုက်မှုကြောင့် ဖြစ်ကြောင်း ဆိုထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာ တိုင်းရင်းသားလူနည်းစုဒေသတွေမှာ အကြမ်းဖက်စစ်တပ်ဟာ ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်သလို အရပ်သားအများအပြားကို အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအကြပ်နေရာရွှေ့ပြောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အပါအဝင် တရားလက်လွတ် သတ်ဖြတ်ခြင်းတွေအထိ ကျူးလွန်ခဲ့တာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ခုခံတော်လှန်မှုတွေ ပြင်းထန်လာပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်တွင်းနေရပ်စွန့်ခွာသူ ၈ သိန်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာသွားသူ ၄၄၀,၀၀၀ ကျော် ရှိကြောင်းဖော်ပြထားပါတယ်။
စစ်တပ်က အခုလို အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်တာရဲ့ အဓိက အကြောင်းရင်းတစ်ခုမှာ ၎င်းတို့မှာ ကြီးမားတဲ့ ဝင်ငွေအရင်းအမြစ် ရှိနေတာကြောင့် ဖြစ်ပါတယ်။
ဒီလိုစီးပွားရေးလုပ်ငန်းတွေထဲမှာ ဂျပန်နိုင်ငံဟာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက လုပ်ကိုင်လာခဲ့တဲ့ ရဲတံခွန်သဘာဝ ဓါတ်ငွေ့စီမံကိန်းဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသတွေကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ပိုက်လိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေတာပါ။
မြန်မာနိုင်ငံမှာ အကျိုးအမြတ်ကြီးမားတဲ့ ကမ်းလွန်သဘာဝဓါတ်ငွေ့လုပ်ကွက် လေးခုရှိပြီး စစ်အာဏာမသိမ်းမှီ အဆိုပါစီမံကိန်းတွေကနေ နိုင်ငံတော် ဘက်ဂျက်အဖြစ် ၁၀ ရာခိုင်နှုန်းရရှိပါတယ်။
ဒီ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ ၂၀၀၀ ပြည့်နှစ်တွေမှာ စစ်အသုံးစရိတ်တွေ တိုးလာခြင်းနဲ့ ဆက်စပ်နေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဆိုပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်းမှုကြောင့် အဆိုပါဝင်ငွေ အရင်းအမြစ်အားလုံးကို စစ်တပ်က ပြန်လည် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေအရ ရဲတံခွန်စီမံကိန်းဟာ ခြောက်လအတွင်း ဒေါ်လာ ၂၂ ဒသမ ၃၇ သန်း ရရှိမှာဖြစ်ပြီး အဆိုပါရဲတံခွန်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ပါက ယခုကိန်းဂဏန်းမှာ ဆက်လက်တိုးလာမှာပဲ ဖြစ်ပါတယ်။
ရဲတံခွန်စီမံကိန်းကို မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas Carigali ဦးဆောင်ပြီး ထိုင်းနိုင်ငံမှ PTTEP၊ ဂျပန်နိုင်ငံမှ Nippon Oil Exploration (Myanmar)နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က အကျိူးတူပူးပေါင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစုတစ်ခုဖြစ်ပါတယ်။
Nippon Oil Exploration (Myanmar) ကို ဂျပန်နိုင်ငံအစိုးရ (စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန)၊ JX Nippon Oil & Gas Exploration နဲ့ Mitsubishi Corporation တို့က အကျိုးတူ ပူးတွဲဆောင်ရွက်နေတာပါ။
ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို ထပ်မံထောက်ပို့နေတဲ့ ရဲတံခွန်သဘာဝ ဓါတ်ငွေ့စီမံကိန်းကနေ ဂျပန်ရင်းနှီးမြုပ်နှံသူတွေကို တာဝန်သိစွာ ထွက်ခွာဖို့ တောင်းဆိုတဲ့ လက်မှတ်ရေးထိုးမှုမှာ ကိုယ်တိုင် ပါဝင်တောင်းဆိုနိုင်မယ်ဆိုရင် အောက်ဖော်ပြပါလင့်မှာ ဝင်ရောက်လက်မှတ်ရေးထိုးပါဝင်နိုင်ကြောင်း Justice for Myanmar ကတိုက်တွန်းထားပါတယ်။
လှုပ်ရှားမှုမှာ ပါဝင်နိုင်ရန် ယခုလင့်မှာ ဝင်ရောက်ပါ။
https://bit.ly/3u11D4L
(လက်မှတ်ထိုးပါဝင်နိုင်ရန် ပြုလုပ်ပုံအဆင့်အဆင့်ကို ပူးတွဲပါပုံမှာ ဖော်ပြထားသည်။)