ရန်ကုန်၊ မတ် ၁၀
ဝက်လက်မြို့နယ် ရွှေကျင်ကျေးရွာကို မတ်လ ၉ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲခဲ့ပြီး အဆိုပါ တပ်ရင်းသို့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဝင် ၁ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့မှာ တောင်ကုံးကျေးရွာသို့ တပ်ဆုတ်သွားကြောင်း People Defense Force SGG မှ သတင်းထုတ်ပြန်သည်။
တောင်ကုံးကျေးရွာသို့ တပ်ဆုတ်သွားသည့် အကြမ်းဖက် စစ်ကောင်စီများကို ယနေ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဝင်များမှာ တောင်ကုံးကျေးရွာမှ သာလိုင်းကျေးရွာဘက်သို့ ထပ်မံတပ်ဆုတ်သွားကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)မှ ထုတ်နှုတ်အင်အားနှင့် ပရိုလိုက် ပျောက်ကြားတပ်ဖွဲ့၊ ဒေသခံ LPDF စသည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ရွှေဘိုမြို့ မြို့ရှောင်လမ်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီယာဉ်များ ကင်းလှည့်မည်ဟု ကြိုတင်သတင်းရသည့်အတွက် မတ်လ ၉ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး (ပ က ဖ) ပျောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီး မိုင်းထိမှန်ကာ ထိုးရပ်သွားပြီး ညအချိန်ဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ တိုက်ခိုက်မှုကို နတ်တောင်နဂါး အဖွဲ့နှင့် GHOST RIDER Special Task Force (MDY). Black Wolf-PDF အဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီကားတစ်စီး။ Photo – AP