ရန်ကုန်၊ မတ် ၁၁
ရုရှား SU-30SME တိုက်လေယာဉ် လေယာဉ်မှူး ၂ ဦး မြန်မာနိုင်ငံသို့ ၈ ရက်ကြာ လာရောက်မည်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီ၏ စစ်တပ်နေ့ စစ်ရေးပြအခမ်းအနားတွင်လည်း SU-30SME တိုက်လေယာဉ် ပျံသန်းပြရန်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
မူလက မတ်လ ၉ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ လာရောက်ရန် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ အထိ ပြောင်းလဲသွားကြောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ SU-30SME လေယာဉ်နှင့်အတူ လေယာဉ်မှူး ၂ ဦး ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင်လည်း အကြမ်းဖက် စစ်တပ်က ရုရှားထံမှ ဝယ်ယူထားသော SU-30SME စစ်တိုက်လေယာဉ် ၆ စီးနှင့် အပိုပစ္စည်းများကို မတ်လ ၁၀ ရက်နေ့ ၊ မတ်လ ၁၂ ရက်နေ့ နှင့် မတ်လ ၁၄ ရက်နေ့တို့တွင် နေပြည်တော်သို့ လာရောက်လာရောက် ပို့ဆောင်နေကြောင်း သိရှိရသည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဝယ်ယူပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ပြီး လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။