ရန်ကုန်၊ မတ် ၁၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ဖြစ်သလို မြေမြှုပ်သွားကြောင်း ဝက်လက် PDFက သတင်းထုတ်ပြန်သည်။
မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကမ်းဖြူရွာဘက်မှ ရွှေကျင်ကျေးရွာသို့ အင်အား ၆ဝ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ဝက်လက်မြို့နယ် PDF တပ်ရင်း (၂)နှင့် ပ.က.ဖ ပူးပေါင်း တပ်ဖွဲ့တို့က တောင်ကုန်းရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း ဝက်လက် PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်အချိန်တွင် တောင်ကုံးကျေးရွာမှ ပြည်သူ့ နေအိမ် ၅ လုံးကို အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားပြီး ဝက်လက်မြို့ ဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း၊ ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဘက်မှ တပ်သား ၁ဦးရုပ်အလောင်းကို တောင်ကုံးကျေးရွာအတွင်း၌ စစ်ကောင်စီတပ်ကဖြစ်သလို သင်္ဂြိုဟ်သွားခဲ့ပြီး အဆိုပါ ရုပ်အလောင်းအား ပ.က.ဖ အဖွဲ့များက ကောင်းကောင်းမွန်မွန် ပြန်လည် သင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ တိုက်ပွဲတွင် ဝက်လက် PDF တပ်ရင်း – ၂ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဝက်လက် PDF၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေဘိုခရိုင်အတွင်းတွင်လည်း ကျေးရွာများသို့စစ်ကြောင်းထိုးကာ PDFတပ်ဖွဲ့များအားရှာဖွေနေပြီး ကျေးရွာများကိုမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် မတ်လ ၈ ရက်နေ့က အင်အား ၅၀ ခန့်ဖြင့် ရှေ့နောက် နှစ်ဖွဲ့ခွဲ၍ ကင်းလှည့်လာသည့် အကြမ်းဖက်စစ်ကောင်စီများကို ည ၉ နာရီ ၁၁ မိနစ် အချိန်တွင် ၂ လုံးတွဲမိုင်း တစ်ကြိမ်၊ ၁ လုံးမိုင်း တစ်ကြိမ်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ၈ ဦး လေပေါ်သို့ မြောက်တက်သွားပြီး ၆ ဦးမှာ နေရာတွင်ပင် သေဆုံးကြောင်း၊ စစ်သားအများအပြား ဒဏ်ရာရသွားကြောင်း၊ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM) က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM) ၊ လရောင်ပြောက်ကျား၊ ပြောက်ကျားလင်းယုန်အဖွဲ့များက ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ ကင်းပုန်းအဖွဲ့များက ဝိုင်းဝန်းပစ်ခတ်သော်လည်း ဒေသခံ ပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။