25 C
Yangon

မြိတ်တွင် စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး စစ်သား ၁၀ ဦး ဝန်းကျင်သေ ၊ စစ်သားများ လိုက်ပါသော စစ်လှေကိုမြို့လှ PDF က တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၁

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် စစ်ကား ၁ စီးမိုင်းဆွဲတိုက်ခံရပြီး စစ်သား ၁၀ ဦး ဝန်းကျင်သေဆုံးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPFF ထံမှ သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန် စစ်ကားတစ်စီးနှင့်ဆိုင်ကယ်နှစ်စီး မိုင်းဆွဲခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း၊
အဆိုပါ တိုက်ခိုက်မှုကို KNU၊ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPFF)၊ မြိတ်ကရင်ပူးပေါင်းတပ်ဖွဲ့(MKLPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပါလာတာက ၂၀ နီးပါး၊ ကားကလုံးဝကိုပျက်စီးသွားတယ်။ ကျနော်တို့မှာ အထိအခိုက်အကျဆုံးမရှိပါဘူး” ဟု MPFF တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် ပုလောဘက်မှ ဆင်းလာသည့် စစ်ကားလေးစီးကိုလည်း မတ်လ ၁၀ ရက်နေ့ ၁၂ နာရီဝန်းကျင်တွင် ပုလော PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပုလောမြို့နယ် ထားဝယ်-မြိတ်ကားလမ်း မင်းထိန်ရွာနှင့်ကဒဲရွာကြားတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က သေနတ်များဖြင့် တောထဲသို့ အချက်တစ်ရာနီးပါးရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိုင်းဆွဲခံရသဖြင့် စစ်ကောင်စီတပ်သည် ရှေ့ဆက်မသွားနိုင်ဘဲ အနီးအနားဝန်းကျင်ရှိ ကဒဲရွာတွင် ညအိပ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် မကွေး-ကချင် နယ်စပ် လုတ်တိုင်းချောင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက် ဦးဆောင်သော စက်လှေကို မြို့လှ PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ရေထဲခုန်ချထွက်ပြေးကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက် မသိရှိရသေးကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါအကြမ်းဖက် စစ်ကောင်စီ စက်လှေကို ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက်ဦးဆောင်ပြီး သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီးနေထက်ပိုင် (ဆသရ) နှင့် ဆေးတပ်မှ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၁၀ ဦးခန့်ပါဝင်ကြောင်း သိရသည်။

ယင်း စက်လှေသည် ချောင်းဝရွာမှ အထက်ဖက်သို့ ထွက်ခွာစဉ် သာယာကုန်းရွာအထက်ပိုင်းရှိ လုတ်တိုင်းချောင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဗန်းမော်မြို့သို့ တပ်ပြောင်းရွှေ့ရန် ထွက်ခွာလာခြင်း ဖြစ်ကြောင်းသိရသည်။

ထို စက်လှေကို မြို့လှ PDF တပ်ခွဲ (၁) ဗိုလ်မိုဃ်းကြိုးဦးဆောင်သောအဖွဲ့မှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ချိန် ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြန်လည် ပစ်ခတ်နိုင်ခဲ့ခြင်းမရှိဘဲ ရေထဲ စစ်သားများ ရေထဲခုန်ချ ထွက်ပြေးသူများလည်းရှိကာ စစ်သားများ ထိခိုက် ကျဆုံးမှုရှိကြောင်း မြို့လှ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article