ရန်ကုန်၊ မတ် ၁၁
မကွေးတိုင်း ၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဘဏ်စတင်ဖွင့်လှစ်ပြီးနောက် ငွေသွင်းငွေထုတ်သူတချို့ရှိနေချိန် ဗုံးဖြင့် အပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများရှိသောလည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။ အပြင်ပန်း ထိတာလို့သိရတယ်” ဟု ပခုက္ကူမြို့ အခြေစိုက် ပရဟိတလူနာတင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ ၊မြို့မ ၂ ရပ်ကွက်၊ မင်းလမ်းရှိ မဒေါက်နယ်မြေရဲစခန်းကို မတ်လ ၁၀ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ကြောင်း၊ ရဲစခန်းထဲမှလည်း သေနတ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ကြောင်း ၊ လက်လုပ်ဗုံးထိမှန်၍ ရဲ ၂ ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင် ကုသထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ငါးလုပ်ငန်းဦးစီးရုံး အနီးတွင် စစ်သား ၈ ဦး လိုက်ပါသော စစ်ကားတစ်စီးကို Generation Z Power အဖွဲ့က ယနေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်း၂ လုံး ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- လက်လုပ်ဗုံးဖြင့် အပစ်ခံရသော ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်။