24 C
Yangon

ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်တွင် ၁၂ ဘီးကား ၁ စီး ကို စစ်ကောင်စီ ပစ်ခတ်၊ ယာဉ်မောင်းသေဆုံးပြီး ကားမီးလောင်ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်တွင် ယနေ့မတ်လ ၁၂ ရက် နံနက် ၈ နာရီ ကျော်ခန့်တွင် မြဝတီဘက်သို့ သွားနေသော ၁၂ ဘီးကား ၁ စီးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ရာ ကားမီးလောင်ပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သတင်းရရှိသည်။

“အာရှလမ်းမပေါ်မှာ မြဝတီအတက်ကား ၁၂ ဘီး ကား ၁ စီးမီးလောင်တယ်၊ ယာဉ်မောင်းလည်း သေတယ်၊ ကျနော် သိရတာတော့ စစ်သားတွေက တားတာ ရပ်မပေးလို့ ပစ်တာလို့ ပြောတယ်၊ တောနော်ရေတံခွန်နားမှာ” ဟု မျက်မြင်တွေ့ရှိသူ ခရီးသွား ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ၁၂ ဘီးကားသည် မည်သည့်ကုန်ပစ္စည်းမှ တင်ဆောင်လာခြင်းမရှိဘဲ ကော့ကရိတ်မှ မြဝတီဘက်သို့ တက်လာသော ကားဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ခန့် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ အာရှလမ်းမကြီးအတိုင်း ခြေလျင်တက်သွားကြောင်း သိရှိရပြီး အဆိုပါ တပ်ဖွဲ့က ၁၂ ဘီးကားကို ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ တပ်မဟာ ၆ တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းအဖွဲ့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးကြောင်း၊ KNLA ဘက်မှ ၁ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article