24 C
Yangon

ကော့ကရိတ်မြို့နယ် အာရှလမ်းပေါ်တွင် ကား ၅ စီး မီးရှို့ဖျက်ဆီးခံရ၊ ရွှေစင်စက်ြာမှန်လုံယာဉ် လမ်းပေါ်ကန့်လန့်အနေအထား မီးရှို့ခံရ၍ လမ်းပိတ်နေ

Must read

ရန်ကုန်၊ မတ် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တစ်တန်ကူးကျေးရွာအလွန် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ယနေ့ မတ်လ ၁၂ ရက် နံနက်၌ မော်တော်ယာဉ် ၅ စီး မီးရှို့ဖျက်ဆီးခံရပြီး ရွှေစင်စက်ြာ ခရီးသည်တင်မှန်လုံယာဉ် ၁ စီးမှာ လမ်းမပေါ် ကန့်လန့်အနေအထားအတိုင်း မီးရှို့ခံရ၍ မီးလောင်နေကြောင်း သတင်းရရှိသည်။

ယနေ့နံနက်တွင် ကော့ကရိတ်မှ မြဝတီသို့ သွားသော ၁၂ ဘီးကား ၁ စီးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်သဖြင့် ယာဉ်မောင်းသေဆုံးပြီး ကားမီးလောင်သွားကြောင်း ယာဉ်မီးလောင်နေသည်ကို မျက်မြင်တွေ့ရှိသူ ခရီးသွား ၁ ဦးက ပြောသည်။

“မီးရှို့ခံရတာက ၁၂ ဘီး ခါလီကား၊ စစ်တပ်က သူတို့လိုက်ဖို့ တားတာ ကားဆရာကမတင်ရဲတော့ မတင်ဘဲ မောင်းတာ လိုက်ပစ်ပြီး မီးရှို့လိုက်တာ၊ မှန်လုံကြားကတော့ လမ်းမှာကန့်လန့်ကြီး မီးလောင်နေတာ၊ အတက်အဆင်း ဘာမှ သွားမရဘူး၊ ဆိုင်ကယ်ပဲ လွတ်တယ်” ဟု မျက်မြင်တွေ့ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ ၁၂ ဘီးကား အပါအဝင် ကော့ကရိတ်-မြဝတီအာရှလမ်းပေါ်တွင် ရွှေစင်စက်ြာမှန်လုံယာဉ် ၁ စီးအပါအဝင်၊ ၂၂ ဘီး ကွန်တိန်နာ ၁ စီး၊ ၆ ဘီးကား ၂ စီး မီးလောင်နေကြောင်း သိရှိရသည်။

ယနေ့နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် ကော့ကရိတ်မှ မြဝတီသို့ အာရှလမ်းမကြီးအတိုင်း ခြေလျင်ထွက်ခွာသွားကြောင်း တောနော်ရေတံခွန်အနီးတွင် ပစ်ခတ်သံများ ကြားရကြောင်း သတင်းရရှိသည်။

“အာရှလမ်း ဒေါနတောင်ကြောမှာ တိုက်ပွဲဖြစ်နေတယ်၊အသေးစိတ်တော့ ဘာမှ မသိရသေးဘူး။ အခုက တောင်ခြေက တစ်တန်ကူး၊ ကော့နွဲ့၊ လှိုင်ဝ၊ တံတားကျိုးတွေမှာ ကားတွေ ရာနဲ့ ချီရပ်ထားရတယ်”ဟု ကော့ကရိတ်သတင်းရင်းမြစ်က ဆိုသည်။

အာရှလမ်းပေါ်တွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးတင်းမာမှု တိုက်ပွဲအခြေနေများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က သီးခြားအတည်ပြုနိုင်ရန် ကြိုးစားဆက်သွယ်လျှက်ရှိသည်။

ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကား ၁ စီးလျှင် အင်အား ၃၀ ခန့်ပါသော စစ်ကား သုံးစီး အာရှလမ်းမအတိုင်း ကော့ကရိတ်ဘက်သို့ တက်လာကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ က စစ်ကောင်စီတပ်များ ဒေသတွင်းမှ ဆုတ်ခွာရန် စာထုတ်ပြီးနောက်ပိုင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေသလို ကော့ကရိတ်မြို့နယ်နှင့် လေးကေ့ကော်ဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article