21 C
Yangon

ပုလဲ၊ ဒီပဲယင်းနှင့် မြို့လှတို့တွင် စစ်ကောင်စီ ခြေလျင် စစ်ကြောင်းနှင့် တပ်စွဲ ထားသော နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၁၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ကချင်ပြည်နယ် မြို့လှမြို့တို့တွင် အကြမ်းဖက် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းများနှင့် တပ်စွဲထားသော နေရာများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သုံးကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၇ဖွဲ့က မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားများနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုများ သော်လည်း အရေအတွက် မသိရှိရသေးကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် မိနစ် ၄ဝခန့် ကြာမြင့်ခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော် ၃ဦးကျဆုံးခဲ့ပြီး ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်သားများနှင့် ပျူစောထီးများ ထိခိုက် သေဆုံးမှု များသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့ကို ရွှေဓါးဗိုလ် ပြည်သူ့ကာကွယ်ရေးတပ်-SDB၊ Pale People’s Defence Force PPDF၊ ပုလဲ မြေပြန့်ဒေသကာကွယ်ရေးအင်အားစု – PPDG၊ Pale People’s Defence Force-Headquarters ပ.က.ဖ တပ်ဖွဲ့၊ ပုံတောင်တိုက်ဂါးနှင့် Pale Jokers စသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုအဖွဲ့တို့က ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တုန်ကန်ရွာနှင့် နှောရိုးရွာကြားတွင် မတ်လ ၁၂ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် မိနစ် ၄ဝခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့သာ ထိခိုက် သေဆုံးသော စစ်သားများ၏ ရုပ်အလောင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပုလဲ မြို့နယ် အလယ်ပိုင်းရှိ ချောင်းဦးကြီး၊ ဇီးဖြူကုန်း၊ ဦးနှောက်၊ နှောရိုး၊ သပြေအေး၊ တုန်ကန်နှင့် မြို့နယ်တောင်ဘက်ပိုင်းရှိ ရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်း အမျိုးသမီး များအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အမျိုးသားများအား ဖမ်းဆီး သတ်ဖြတ် ခြင်းများ အပါအဝင် စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်း သုံးမြို့နယ် အစပ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ၁၃ ရက်နေ့ နံနက် ၈နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဂဠုန်တပ်တော် ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒေသခံ PDF တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းထဲကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး PDF တပ်ဖွဲ့များက အချိန်မှီ ပြန်လည် ဆုတ်ခွာခဲ့ခြင်းကြောင့် စစ်သား ၄ဦး သေဆုံးခြင်းသာ အတည် ပြုနိုင်ခဲ့ပြီး မိုင်းကွင်းထဲတွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သောကြောင့် သေဆုံးမှု အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် တပ်ရင်း(၃) (ခရိုင်တပ်ရင်း-၂၁ BLACK ARMYတပ်ရင်း)မှ ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂဠုန်တပ်တော် တပ်ရင်း(၂) ရဲဘော်များနှင့် ဂဠုန်တပ်တော် တပ်ရင်း(၄) ရဲဘော်များက ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ခွဲ မြို့လှမြို့ ချောင်းဝရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ ခမရ ၄၁၅ မှ တပ်ရင်းမှူး ထွန်းနောင်ပိုင် ဦးဆောင်သည့် ခြေလျင် စစ်ကြောင်းကို မတ်လ ၁၃ရက်နေ့ နံနက် ၆နာရီ ၄၅မိနစ်ခန့်တွင် မြို့လှ PDF က စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် မသိရှိရသေးကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မြို့လှ PDF တပ်ခွဲ၂ မှ ဗိုလ်ဇာမဏီ ဦးဆောင်သောတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article