24 C
Yangon

KNU တပ်မဟာ ၄တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ၊ ကော့ကရိတ် ဝိဇ္ဇာကုန်းတွင် ဂိတ်ကြေးကောက်နေသည့် BGF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ကြာအင်းဆိပ်ကြီးတွင်လည်း တိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ မတ် ၁၄

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ နယ်မြေ၊ ဘိတ်-ထားဝယ် ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အရာရှိအပါအဝင် စစ်သားများသေဆုံးကာ လက်နက်ခဲယမ်းအများအပြား၊ ပိုက်ဆံများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ကပစ ထုတ် MA အမျိုးအစား သေနတ် ၄ လက်၊ ပစ္စတို ၁ လက်၊ RPG ၁ လက်၊ လက်နက်ကြီး စိန်ပြောင်း ၂ ခု၊ မြန်မာကျပ်ငွေများ၊ ထိုင်းဘတ်ငွေများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်ရှိ ဝိဇ္ဇာကုန်းကျေးရွာ လမ်းထိပ်ဇရပ်တွင် ခရီးသွားပြည်သူများထံမှ လမ်းကြေးကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ BGF ၂ ဦး ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်စီးလာသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် BGF ၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် ဝိဇ္ဇာကုန်းကျေးရွာထိပ် ဇရပ်တွင် ဂိတ်ကိုဖွင့်လှစ်ထားကာ BGF တပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများထံမှ ငွေကြေးများ မတရားကောက်ခံနေကြောင်း ကော့ကရိတ်သတင်းရင်းမြစ် KO-news ထံမှ သိရှိရသည်။

“အဲ့ဒီနေရာနဲ့ လမ်းမကြီးတစ်လျှောက်က သူတို့စိုးမိုးထားပြီး ပိုက်ဆံတောင်းတဲ့ ဂိတ်တွေအများကြီးဖွင့်ထားတာ၊ နောက်ပြီး ဂိတ်နေရာနဲ့ မလှမ်းမကမ်းက လမ်းမကြီးဘေးမှာလည်း သူတို့ကိုယ်တိုင်ထောင်ထားတဲ့ ကစားဝိုင်းရှိတယ်၊ အချင်းချင်းအဝေမတည့်လို့ ပစ်ကြတာလို့ပဲထင်တယ်၊ တစ်ဖက်ရန်သူက အဲ့ဒီနေရာအထိသွားလုပ်လို့ရတဲ့နေရာမျိုးမဟုတ်ဘူး၊ နေရာကသူတို့အပိုင်နေရာ”ဟု ဒေသခံမှ KO-news သို့ ပြောသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရှင်းရှေ့တွင် ယနေ့နံနက် ၉ နာရီမှ ၉ နာရီခွဲအထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ကြာအင်းဆိပ်ကြီး၊ မင်္ဂလာကုန်းအနောက်ဖက်တွင် တိုက်ပွဲထံမံဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပစ်ခတ်မှုတွင် ဒေသခံ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရကြောင်း သိရှိရပြီး ရန်ကုန်ခေတ်သစ်က သီးခြားအတည်မပြုနိုင်ပေ။

ယနေ့နံနက်တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြား-ဘုရားသုံးဆူ ကားလမ်းနှင့် ကြာအင်းဆိပ်ကြီး-ကော့ကရိတ် ကားလမ်းများ ပိတ်ထားရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article