ရန်ကုန်၊ မတ် ၁၄
မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၉နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြေးလွှားနိုင်ခြင်းမရှိသော သက်ကြီး ရွယ်အိုများကို စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ အမည်များနှင့် အရေအတွက် မသိရှိရသေးကြောင်း ပခုက္ကူ လူထုတိုက်ပွဲ ကော်မတီ ထံမှသိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း သဲတောရွာကို နံနက် ၉ ခန့်တွင် ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ရွာထဲရှိ ထွက်ပြေးနိုင်ခြင်းမရှိသော အသက်အရွယ် ကြီးရင့်သော လူမမာများပါ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်သည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းနှင့် ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ် နေခြင်းကြောင့် ဒေသခံပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ နုများကျေးရွာဘက်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကျေးရွာ ၆ရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများနှင့် ယဉ်ကျေး ကျေးရွာများရှိ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ အဆိုပါ ကျေးရွာ ၆ရွာ အနီးဝန်းကျင်ရှိ ရွာများက ပြည်သူ တချို့လည်း ဘေးလွတ်သို့ ကြိုတင် တိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
” သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများနဲ့ ယဉ်ကျေး ရွာက ပြည်သူ တွေက အဓိကပြေးနေတာပေါ့။ စစ်ကြောင်းတွေက သူတို့ရွာတွေနဲ့ ပိုနီးတယ်။ အနီးအနား ရွာက ပြည်သူ တချို့လည်း ပြေးနေတာတွေ တွေ့တယ်လို့ ပြောတယ်။ အင်တာနက်လိုင်းနဲ့ ဖိုင်းလိုင်းတွေက ဖြတ်တောက် ခံထားရတော့ အဆက်အသွယ် လုပ်ရတော့ အဆင်မပြေဘူး။ သူတို့ စစ်ကြောင်းတွေ ရွာထဲဝင်လာရင် သူပုန်တွေထက် ဆိုးတော့ ပြည်သူတွေလည်း ပြေးရတာပေါ့” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
Photo – အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများ ကျေးရွာအတွင်းသို့ ဝင်ရောက် လာခြင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒီပဲယင်းမြို့နယ်ရှိ ပြည်သူများ