ရန်ကုန်၊ မတ် ၁၄
တနင်္သာရီတိုင်း၊ထားဝယ်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာ မတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ထိုင်းနိုင်ငံနယ်စပ်အနီး ဝါးတောရွာနဲ့ ဆင်ဖြူတိုင်ရွာအကြား မတ်လ ၁၃ ရက် နံနက်ပိုင်း၊ နေလယ်ပိုင်းနဲ့ ညပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ အဲဒီလမ်းကိုအသုံးပြုသွားလာနေတဲ့သူတချို့ကပြောပါတယ်။
ကရင်ဒေသခံတိုင်းရင်းသားတွေအကြားနာမည်ကြီးတဲ့ ကော်လာဖိုးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ ၂၆၇ ဘက်က က ၅ ဦးသေဆုံး၊ သုံးဦးဒဏ်ရာရခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်တိုင်းသားဒေသက သတင်းတွေကိုဖော်ပြနေတဲ့ Kwe Ka Lu News မှာရေးသားထားပါတယ်။
သေဆုံးသူတွေထဲမှာ ဒုတပ်ရင်းမှူးလည်းပါဝင်တယ်လို့ သိရပါတယ်။
RPG ၁ လက်၊ ၆၀ မမ ၂ လက်၊ MA 2 ၄ လက်နဲ့ တခြားစစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လိုဆိုပါတယ်။
ပစ်ခတ်မှုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ချို့ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်-ထီးခီးသွားလာနေတဲ့ ကားငါးစီးထက်မနည်း ချောဆွဲထားတယ်လို့ သိရပါတယ်။
(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)