ရန်ကုန်၊ မတ် ၁၅
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် စီးနင်းဆူပူမှုတစ်ရပ် ယနေ့ ညနေ ၄ နာရီကျော်ချိန်တွင် ဖြစ်ပွားပြီး အကျဉ်းသား ၇ ဦးထက်မနည်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်မှ ၅ နာရီ ၃၀ မိနစ်အချိန်အထိ ထောင်အတွင်း စီးနင်းမှုဖြစ်ပွားပြီး စစ်တပ်က ထောင်တွင်းသို့ ဝင်ရောက်လာပြီး အကျဉ်းသားများကို ပစ်သတ်သဖြင့် အကျဉ်းသား ၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရှိရသည်။
“ကလေးထောင်ကို ရဲဘက်အကျဉ်းသားတွေက ဝင်စီးတယ်၊ ဆူပူမှုဖြစ်တယ်။ ဝင်စီးတဲ့ရဲဘက်တွေက အဖမ်းခံထားရတဲ့ PDF တွေလို့ပြောတယ်။ စစ်တပ်က ဝင်ပစ်တာ အဖမ်းခံထားရတဲ့ ရဲဘက် PDF ၇ ယောက်ကျဆုံးသွားတယ်လို့ အစီရင်ခံထားတယ်။ ထောင်ပိုင်ရယ်၊ ထောင်ပိုင်လေးရယ်၊ ထောင်မှူးကြီးရယ်ကို ဝင်စီးတာ။ ထောင်မှူးကြီးလည်ပင်း သွေးကြောပေါက်သွားလို့ ဆေးရုံမှာ အခု စိုးရိမ်ရတဲ့အခြေအနေပါ။ စစ်တပ်ကတော့ ကလေးအကျဉ်းထောင်တစ်ခုလုံးကို စီးထားလိုက်ပြီ” ဟု အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ခုကမူ ပစ်သတ်ခံရသူများသည် နိုင်ငံရေးအကျဉ်း သားများဖြစ်ပြီး ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများအကြား ပြဿနာတက်ကြရာမှ စစ်တပ်က ဝင်လာပြီး အကျဉ်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများကို ပစ်သတ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။