21 C
Yangon

ပုလောကုန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့ဝင်တိုက်၊ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ ၂၀ ဦးထက်မနည်းသေဆုံး၊ လောင်းရှည်တွင် စစ်ကား မိုင်းဆွဲခံရပြီး ၅ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၆

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ အခြေချနေထိုင်သော တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာသို့ KNLA နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ယနေ့ နံနက်အစောပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့သလို စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးကြောင်း ပုလော PDF က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် နံနက် ၆ နာရီမှ ၉ နာရီအထိ ၃ နာရီကြာမြင့်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပလောက်မြို့အခြေစိုက် တိုင်းဗဟို ၁၂ မှ တပ်ဖွဲ့ဝင်များ စစ်ကူလာရောက်စဉ် နန်းပရုပ်ရွာတွင် မိုင်းဆွဲခဲ့ကြောင်း ပုလော PDF က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကြောင်းနှင့် ပုလောကုန်းရွာကို တိုက်ခိုက်စဉ် ပျူစောထီးဘက်မှ အသေအဆုံးစာရင်း အတည်မပြုနိုင်သေးကြောင်း ပုလော PDF သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ပုလောအခြေစိုက် ခလရ ၂၈၅ မှ စစ်ကူများ၊ မကျည်းကုန်း၊ နန်းတောင်ရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ပုလောကုန်းကျေးရွာဘက်သို့ လက်နက်ကြီးပစ်ကူများ ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပျူစောထီးများ အခြေစိုက်ထားရာ ပုလောကုန်းကျေးရွာသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ တပ်ရင်း တပ်ဖွဲ့များ၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ကရင် PDF မဟာမိတ်တပ်ဖွဲ့များက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ပုလော PDF မှ ရဲဘော် ၁ ဦး လက်ဖျံတွင် ကျည်ဆံထိမှန်ကာ မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း ပုလော PDF က သတင်းထုတ်ပြန်သည်။

အလားတူ စေတုတ္တရာနှင့် ဆောမြို့နယ်ခြားဒေသ ကြံစိမ့်ကျေးရွာမှ ညောင်ပင်ကျင်းကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ပါသော မော်တော်ယာဉ် ၁ စီးကို လောင်းရှည် PDF က ယမန်နေ့ ညနေပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးခန့် နေရာတွင် သေဆုံးကြောင်း သတင်းရရှိသည်။

မိုင်းဆွဲ တိုက်ခိုက်စဉ် အဆိုပါကားမှာ စုတ်ပြတ် ပျက်စီးသွားပြီး ကားပေါ်ပါ စခများ ၅ ကောင်ခန့် နေရာတွင်ပင် ကားပေါ်မှ လွင့်ထွက်သွားပြီး အရာရှိအပါဝင်သေဆုံးနိုင်ကြောင်း၊ သေဆုံးဒဏ်ရာရစစ်သားများကို ကပစ ၂၅ သို့ သယ်ဆောင်သွားကြောင်း လောင်းရှည် PDF က သတင်းထုတ်ပြန်သည်။

ယင်းနောက် စစ်ကား ၃ စီးဖြင့် စစ်ကောင်စီဘက်မှ စစ်ကူများ ရောက်ရှိလာပြီး တရစပ် တိုက်ခိုက်သောကြောင့် လောင်းရှည် PDF ရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – ပုလောကုန်းရှိ ပျူစောထီးတပ်ဖွဲ့ကို တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာသော ပုလော PDF မှ ရဲမေ ၁ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article