21 C
Yangon

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက် ၂၅ နှစ် မောင်ငြိမ်းချမ်း ကို စစ်ကောင်စီခန့်ရာအိမ်မှူးနှင့်အဖွဲ့ ၀ိုင်းရိုက်မှု ဦးခေါင်းကျေမွ သေဆုံး၊ မန္တလေးတွင်လည်း ဆိုင်ကယ်စီး အမျိုးသမီးတစ်ဦးကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ မတ် ၁၆

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆၈ ရပ်ကွက်တွင် အသက် ၂၅ နှစ်အရွယ် မောင်ငြိမ်းချမ်းကို စစ်ကောင်စီခန့် ရာအိမ်မှူး ထွန်းနိုင်နှင့်အဖွဲ့က ၀ိုင်းရိုက်သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ဦးခေါင်းကျေမွ သေဆုံးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၄ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက် ရာအိမ်မှူးထွန်းနိုင်နှင့် အသက် ၂၅ နှစ်အရွယ်မောင်ငြိမ်းချမ်းတို့ စကားများကြကြောင်း၊ ရာအိမ်မှူး ထွန်းနိုင်က စစ်တပ်ခေါ်၍ ဖမ်းဆီးနှိပ်စက်ခိုင်းမည်ဟု ပြောဆိုရာမှတစ်ဆင့် ထိုးကြိတ်ကြပြီး ရာအိမ်မှူးထွန်းနိုင် ဓားထိုးခံရကြောင်း၊ ယင်းနောက် ရာအိမ်မှူးထွန်းနိုင်၏ နောက်လိုက်များက မောင်ငြိမ်းချမ်းကို ရပ်ကွက်ရုံးခေါ်ယူ၍ ရိုက်နှက် သတ်ဖြတ်ကြကြောင်း၊ မောင်ငြိမ်းချမ်းသည် ဦးခေါင်းကျေမွဒဏ်ရာဖြင့် မတ်လ ၁၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

“ရာအိမ်မှူး ထွန်းနိုင်က အရင်စထိုးတယ်။ ကောင်လေးက ပြန်ထိုးတယ်။ နောက်တော့ ကောင်လေးက ဓားနဲ့ထိုးတယ်။ ရာအိမ်မှူးနဲ့နောက်လိုက်တွေက ကောင်လေးကို ၀ိုင်းရိုက်ကြတာ။ ရာအိမ်မှူးကတော့ ဆေးရုံမှာပါ။ ကောင်လေးက ဒီနေ့ အသုဘချတယ်။ ရပ်ကွက်ရုံးခေါ်ပြီး ၀ိုင်းရိုက်ကြတော့ ဦးနှောက်တွေပွင့်ထွက် ပြီးပွဲချင်းပြီးပဲသေတယ်။ ရဲနဲ့ စစ်တပ်က အဲဒီလူသတ်မှုကို ဘာမှ အရေးမယူဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ ကျုံးမြောက်ဘက်ခြမ်းတွင်လည်း ယမန်နေ့ည ၉ နာရီအချိန် ဆိုင်ကယ်စီးနင်းလာသော အမျိုးသမီးတစ်ဦး အပါအဝင် လူငယ် ၃ ဦးကို စစ်တပ်က ပစ်ခတ်ရာ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး အခြားလူငယ်တစ်ဦးလည်း ကျည်ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“ကြားတာကတော့ ဆိုင်ကယ်ကို လူ ၃ ဦးစီးလို့ ပစ်တယ်ပြောတယ်။ တားလည်းမတားဘဲ ပစ်တာ။ ဆိုင်ကယ်ကို ၂ ဦး မစီးရဆိုတာ ၃ ဦးစီးလို့ ပစ်သတ်တယ်ပြောတယ်။ ညဆိုရင် ၈ နာရီဆို အတော်များများက မထွက်ကြတော့ဘူး။ ထွက်ရင်လည်း အဲဒီလို စစ်တပ်က ရမ်းကားပစ်ခတ်နေတာပဲ” ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article