ရန်ကုန်၊ မတ် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထို-ကင်းမွန်စခန်း လမ်းမပေါ်ရှိ တပ်မ ၄၄ ဌာနချုပ်လက် အောက်ခံ ခမရ ၂ မှ စစ်ကား အကြီး ၄ စင်း စုစုပေါင်း အင်အား ၁၀၀ ဝန်းကျင် KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်ဘက်သို့ ဦးတည် ထွက်ခွာသွားကြောင်း တပ်ဘက်နှင့်နီးစပ်သော သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်အချိန်တွင် စစ်အင်အား ၁၀၀ ဝန်း ကျင်ခန့် စစ်ကားအကြီး ၄ စီး၊ Double Cap တစ်စီးဖြင့် ရှေ့တန်းသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
“ဒီနေ့ နေ့လည် ၁၃ နာရီ ၂၁ မိနစ်အချိန်မှာ ကျိူက်ထို – ကင်မွန်းစခန်းလမ်းမပေါ် တပ်မ ၄၄ ဌာနချုပ်ဘေးရှိ ခမရ ၂ မှ အကြီး ၄ စီး၊ DC ၁ စီး ရတ (ရှေ့တန်း) ထွက်ခွာပါတယ်။ စစ်ကားအကြီး ၁ စီးမှာ အင်အား ၂၀-၂၅ ခန့်ပါတယ်။ မဲလန်လမ်းမှတဆင့် မဲဝိုင်ပို့မယ်လို့ ခန့်မှန်းရပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
KNU တပ်မဟာ ၅ နယ်မြေတွင် မကြာသေးမီက ခလရ ၉၇ မှ အင်အား ၃၀ ကျော်ပါသော စစ်ကြောင်း ရှုံးနိမ့်ပြီး လက်နက်များနှင့် စစ်သားများ သေဆုံး ဖမ်းဆီးခံခဲ့ကြရသည်။