ရန်ကုန်၊ မတ် ၁၇
မန္တလေးတွင် CDM ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများကို ခန့်ထားခြင်းမပြုရန်၊ ဒဏ်ရာရ PDF များကို ဆေးမကုပေးရန်နှင့် ဆေးရုံ၊ ဆေးပေးခန်းများတွင် ဆေးလာကုသည့် လူနာစာရင်းကို စစ်ကောင်စီထံပေးပို့ရမည်ဟု ပုဂ္ဂလိကဆေးရုံဆေးခန်းများကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ခေါ်ယူ ခြိမ်းခြောက်ကြောင်း သိရှိရသည်။
မန္တလေး မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်း ဖက်စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးက ဦးဆောင်၍ ထွေ/အုပ်၊ ကျန်းမာရေးနှင့် စည်ပင်တို့ က ပုဂ္ဂလိက ဆေးရုံဆေးပေးခန်း ပိုင်ရှင်များကို ယနေ့ ခေါ်ယူ ခြိမ်း ခြောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“CDM ဝန်ထမ်းများကို ဆေးရုံ ဆေးခန်းများမှာ ခန့်ထားခြင်း မပြုဖို့၊ လာရောက်စစ်ဆေးတဲ့အခါမှာ တွေ့ရှိခဲ့ရင် မကောင်းပါဘူး။ CDM တွေကို မခန့်ဖို့ရယ်၊ ရာဇဝတ်သားတွေကို ဆေးမကုသဖို့ရယ်၊ အကြမ်းဖက်အဖွဲ့အစည်းလို့ သူတို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေကို ငွေကြေး ပစ္စည်းထောက်ပံ့တာတွေ မလုပ်ဖို့ရယ် ခေါ် ခြိမ်းခြောက်တာပေါ့။ ပုံမှန်လူနာတွေကို ဆေးကုသမယ်၊ လူနာစာရင်းတွေကို သက်ဆိုင်ရာကို ပေးဖို့ အဲဒါမှာတယ်။ မြို့ပေါ်မှာ အကြမ်းဖက်အဖွဲ့တွေက တခုခု ဒဏ်ရာရတာရှိလို့ရှိရင် အွန်လိုင်းက ဆရာဝန်တွေက တဆင့် ဘယ်လိုလုပ် ဆိုပြီး ညွှန်ကြားကုသတာတွေ တွေ့ရ၊ မိတဲ့အပေါ်မှာ တွေ့ရှိရတာပေါ့၊ အဲဒါမျိုး မလုပ်ဖို့ ကိုယ့်ဝန်ထမ်းတွေကိုလည်း သတိပေးထားပါ။ အွန်လိုင်းက ငွေကောက်ပြီး လှူတာတွေ၊ ကိုယ့်ဆီက ပစ္စည်းတွေ သွားထောက်ပံ့တာတွေ မလုပ်ဖို့ပေါ့။ လူနာတွေ လာကုပြီဆိုရင် ဆရာဝန်တွေအနေနဲ့ ဒါ ဘာ ဒဏ်ရာဆိုတာသိပါတယ်၊ သံသယရှိပြီဆိုရင် သက်ဆိုင်ရာကို သတင်းပို့ဖို့ ခေါ်ပြီး ဖိအားပေးတယ်” ဟု မန္တလေးမှ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့ပြင် ဆေးခန်းနှင့်ဆေးရုံလိုင်စင်များ သက်တမ်းတိုးကြရန်နှင့် အခွန်ဆောင်ကြ ရန်လည်း ဖိအားပေးကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက CDM ဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခ ၁၃ ဦးကိုလည်း ဆေးကုသခွင့် ပိတ်ပင်လိုက်ပြီး ဆေးကုသမှု လက်ခံပါက ဆေးရုံနှင့်ဆေးခန်းလိုင်စင်များ ပိတ်သိမ်းမည်ဟု ခြိမ်းခြောက် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုဂ္ဂလိဆေးရုံနှင့်ဆေးခန်းပိုင်ရှင်များကို ခေါ်ယူခြိမ်းခြောက်သော မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံး။