ရန်ကုန်၊ မတ် ၁၈
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆၈ ရပ်ကွက်တွင် ယနေ့ နံနက် ၆ နာရီကျော်အချိန် ဝေဖြိုးနှင့်ဇနီး ၂ ဦး အသတ်ခံလိုက်ရပြီး စစ်ကောင်စီခန့် ၁၆၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့လူ ၂ ဦးအတွက် လက်တုံ့ပြန်မည်ဟု ပြောဆိုကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း အသတ်ခံလိုက်ရသည့် ဝေဖြိုးနှင့်ဇနီးတို့ကို အများစုက စစ်ကောင်စီသတင်းပေး ဟု သတ် မှတ်ထားကြကြောင်း ပြောဆိုကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အသတ်ခံရသူ ၂ ဦးသည် စစ်ကောင်စီ သတင်းပေး ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပါ။
“ဝေဖြိုးနဲ့ လင်မယား အသတ်ခံရတဲ့ နေရာကို အုပ်ကြီးရောက်လာပြီး။ မင်းတို့အစားငါလက်စားချေပေးမယ်လို့ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆၈ ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် မမတ်လ ၁၄ ရက်နေ့ ည ၁၂ နာရီအချိန် အရပ်သားပြည်သူ မောင်ငြိမ်းချမ်း အသက် ၂၅ နှစ်ကို ရပ်ကွက်ရုံးခေါ်၍ ရိုက်နှက်သဖြင့် ဦးခေါင်းပွင့် သေဆုံးခဲ့ပြီး ယင်းကဲ့သို့ ပြည်သူ ၄ ဦးထက်မနည်းကို ရပ်ကွက်ရုံး ခေါ်ယူ ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသော ပြည်သူများကိုလည်း ဖမ်းဆီးခြင်း၊ ရပ်ကွက်နေပြည်သူများကိုလည်း စစ်တပ်အလိုကျ ဖိနှိပ် ရက်စက်ခြင်းများ လုပ်ဆောင်နေသည်ဟု ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။