ရန်ကုန်၊ မတ် ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မော်ခီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း (၂၀၁) နှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မတ်လ ၂၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ် တစ်ဦး အပါအဝင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ကရင်သတင်းရင်းမြစ်တချို့၏အဆိုအရ မင်းအောင်လှိုင်စစ်တပ်မှ စစ်သားတချို့ ကိုလည်း အရှင်ဖမ်းမိပြီး အနည်းဆုံး ၃ ဦး အရှင်ဖမ်းမိကြောင်း သိရှိရသည်။
KNLA တပ်ရင်း ၂၀၁ နှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရာနှင့်ချီသော ၄၀ မမ၊ ၆၀ မမ ကျည်များ၊ RPG ဗုံးသီးများနှင့် လက်နက်ငယ်ကျည်ဆံများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။
မော်ခီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၅၅) နှင့် ခလရ (၃၂) တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသည်။
မော်ခီးကျေးရွာရှိ စစ်ကောင်စီစခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်း ဓါတ်ပုံများ လူမှုကွန်ရက်တွင် တွေ့ရှိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုစာရင်းကို ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
KNDO ၏ ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်ကာ မနားတမ်း တိုက်စစ်ဖြင့် နှစ်ရက်အတွင်း မော်ခီးမဆုတ်တမ်းခံစစ်ကို စခန်းသိမ်း အောင်မြင်ခဲ့ပြီး အောင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသတင်းထုတ်ပြန်မည်ဟု ကြေညာထားသည်။