ရန်ကုန်၊ မတ် ၂၆
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ (မဲဝိုင်) ဒေသတွင် မတ်လ ၂၅ ရက် မွန်းလွဲပိုင်း၌ လာရောက်ထောက်လှမ်းသော အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးကို KNLA တပ်ရင်း ၁၀၂ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ထိမှန်သွားကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
အခင်းပစ်ခတ်မှုချေမှုန်းသည့်နေရာတွင် ပျက်ကျခြင်းမရှိပေမယ့် လေတပ်ဌာနချုပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် စက်ချို့ယွင်းပျက်စီးသွားသည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူ၏ သတင်းပေးပို့ချက်အရ သိရကြောင်း မူတြော်သတင်းစဉ်တွင် ဖော်ပြသည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီတွင် ဂျက်လေယာဉ် ၁ စီးဖြင့် ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီတွင် ဂျက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၁ စီးဖြင့်လည်းကောင်း ညနေ ၄ နာရီခန့်တွင် ဂျက်လေယာဉ် ၁ စီးဖြင့် ၁ ကြိမ် ထောက်လှမ်းမှုပြုခဲ့ကြောင်း KNU က ဆိုသည်။
အလားတူ မတ်လ ၂၄ ရက်နှင့် ၂၃ ရက်များတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို KNLA က ၈ ကြိမ်ခန့် ဝင်ရောက်ပစ်ခတ်ရာ စစ်သား အနည်းဆုံး ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်းနှင့် စစ်ကောင်စီတပ်သည လက်နက်ကြီးဖြင့် ၃၈ ကြိမ်၊ လက်နက်ငယ် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
အလားတူ KNU တပ်မဟာ ၆၊ ဝေါ်လေမြို့နယ်ခွဲရှိ မော်ခီး စစ်ကောင်စီစခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၁ ရက်နေ့၌ တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းစွန့်ခွာ ထွက်ပြေးသွားသော ခမရ ၅၅၅ စစ်ကြောင်းမှူးစန်းယုနှင့် တပ်ကြပ် ၁ ဦးကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။
မော်ခီးစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံး၊ ၁ ဦးကို အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများကို KNLA၊ KNDO၊ DKBA ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
ကရင်အမျိုးသား တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်၊ လေးကေ့ကော်၊ ဝေါ်လေ ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ကော့ကရိတ်-မြတ်ဝတီလမ်း၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းများကို မတ်လ ၂၇ ရက်မှစတင်ကာ အသုံးပြုခြင်း ယာယီ ရပ်ဆိုင်းထားရန် KNLA နှင့် KNDO တပ်ဖွဲ့များက ဒေသခံများကို မေတ္တာရပ်ခံထားသည်။